Preview

သန္တာကျောက်တန်းများ၏ ဂေဟစနစ်ကိုထိန်းညှိပေးသည့် ငါးကြက်တူရွေးငါးမျိုးစိတ်များရခိုင်တွင် ရှားပါးလာ

သြဂုတ် ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1378
ရခိုင် သတင်း
သန္တာကျောက်တန်းများရှိ ကျောက်ခက်ကျောက်ပန်းများ၏ ဂေဟစနစ်ကိုထိန်းသိမ်းပေးသည့်အပြင် အစာခြေပြီးသဲဖြူမှုန့်များပြန်ထုတ်လုပ်ပေးသည့် ငါးကြက်တူရွေး (Parrotfish)မှာရခိုင်ဒေသတွင် ရှားပါးလာကြောင်းဒေသခံများက ပြောသည်။


အဆိုပါငါးကြက်တူရွေးငါးကို ရခိုင်ပြည်နယ်ထဲမှ သံတွဲ၊ ဂွအပါအဝင်ရခိုင့်ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်ဖမ်းဆီးရှာဖွေစားသောက်ခဲ့ကြရာမှ ယခုနောက်ပိုင်းနှစ်များ၌ ရှားပါးပျောက်ကွယ်လာကြောင်း ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။

"
ငါးကသန္တာကျောက်တန်းတွေမှာနေတဲ့ငါးမျိုးပါ။ ကျောက်တန်းအနီးတွေမှာ ပိုက်ချပြီးတော့ဖမ်း၇တယ်။ ငါးကြက်တူရွေးဖမ်းသူတွေကတော့ပလပ်ပိုက်ဆိုတာမျိုးနဲ့ဖမ်းတယ်။ အခုနောက်ပိုင်း မှာတော့ တချို့တံငါသည်တွေရဲ့ပိုက်မှာတစ်ကောင်စနှစ်ကောင်စ ပါတာမျိုးတွေ့ရတယ်။ရှားပါးပျောက်ကွယ်ကုန်ပြီထင်ပါတယ်။ အခု ဖမ်းသူလည်း သိပ်မတွေ့တော့ဘူး" ဟုပြောသည်။

ငါးကြက်တူရွေးငါးသည် သန္တာကျောက်တန်းများတွင်နေထိုင်ပြီးစိမ်း၊ ပြာ၊ နီ အရောင်များစပ်ထားသည့် ငါးတစ်မျိုးဖြစ်ပြီးတစ်ခြားငါးများနှင့် အရောင်အဆင်း ကွဲပြားကြောင်း သိ၇သည်။

အဆိုပါငါးမှာ သန္တာကျောက်ခက်များအားသူ၏သွားများဖြင့် ချိုးဖဲ့ကိုက်ခြစ်စားသောက်ပြီးနူးညံ့သည့် သဲမှုန်များ ပြန်ထုတ်လုပ်ပေးရာ တစ်နှစ်လျှင်ငါးတစ်ကောင်မှ သဲ၉၀ ကီလို ဂရမ်အထိထုတ်လုပ်နိုင်ကြောင်း ငါးသုတေသနကျွမ်းကျင်သူများ၏ စာတမ်းများက ဆိုသည်။

ယင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် သန္တာကျောက်တန်းများသေဆုံးသွားသည့်အခါယင်းသန္တာကျောက်တန်းများအပေါ်  စုပုံဖုံးလွှမ်းလာသည့်ရေညှိများကိုစားခြင်းဖြင့်သန္တာကျောက်တန်းများအား ထိန်းသိမ်းပေးထားကြောင်း သိ၇သည်။

ကျောရိုးမဲ့ဖြစ်သည့် သန္တာကောင်များကသူတို့ခန္တာကိုယ်ကိုထုံးကျောက်များဖြင့်ဖွဲ့စည်းပြီးသန္တာကျောက်ခက်များ သန်းနှင့်ချီထုတ်လုပ်တတ်ရာသန္တာကျောက်တန်းများ အဆမတန် ကြီးထွားမလာအောင် ထိန်းသိမ်းပေးသည့်ရေနေသတ္တဝါများထဲ ငါးကြက်တူရွေးလည်းအဓိကပါဝင်နေကြောင်း ဂွမြို့မှ ငါးလုပ်ငန်းရှင်ကျွမ်းကျင်သူဦးဖေပုကပြောသည်။

"
သန္တာကျောက်ခက်တွေပွားများလာတာကို တားဆီးဖို့ ဒီငါးကြက်တူရွေးဆိုတဲ့ငါးကရှိမှ၇တယ်။ သူက အဲဒါတွေကိုက်စားတယ်။ ကိုက်စားပြီးရင်သူအညစ်အကြေးစွန့်တဲ့အခါ သူက သဲဖြူမှုန်လေးတွေကိုပြန်စွန့်တယ်။ အဲဒီထုံးကျောက် ကယ်လ်ဆီယမ်အမှုန့်လေးတွေပေါ့။ဒါကတော့ သန္တာကျောက်တန်းတွေရဲ့ကြီးထွားမှုကို သူက ထိန်းပေးထားတာပေါ့" ဟုပြောသည်။

ငါးကြက်တူရွေးငါးသည် ရှားပါးပြီးအရေအတွက်နည်းသွားလျှင်သန္တာကျောက်တန်းများ အဆမတန်ကြီးထွားမှုကိုမထိန်းသိမ်းပေးနိုင်တော့သည့် အခြေအနေရှိကြောင်း သိ၇သည်။

အလားတူ အရေအတွက်များလွန်းလျှင်လည်း သန္တာကျောက်တန်းများကိုချိုးဖဲ့စားသောက်သည့် ငါးမျိုးစိပ်ဖြစ်၍သန္တာကျောက်တန်းများပျက်စီးသွားနိုင်ကြောင်း သူက ဆက်ပြောသည်။

"
ဒီရပ်ဝန်းမှာအားလုံး ညီမျှဖို့လိုတာပေါ့။ သန္တာကျောက်တန်းတွေ အများကြီးပွားများလာရင်လည်း ငါးကြက်တူရွေးကကိုက်ဖျက်ပြီးထိန်းသိမ်းပေးတယ်။ ငါးကြက်တူရွေးတွေပမာဏ အရမ်းများရင်လည်းသန္တာကျောက်တန်းတွေပိုပျက်စီးပြန်ရော။သူက တောက်လျှောက် အကုန်ကိုက်ဝါးပြီးစားနေတာလေ။ သူကကြက်တူရွေးနှုတ်သီးလိုပဲ။ သူ့သွားနဲ့အမြဲဝါးနေတာ။ ဆိုတော့ အရမ်းပေါများတဲ့အချိန်ဖမ်းဖို့နဲ့ ရှာပါးတဲ့အခါထိန်းသိမ်းဖို့လိုတယ်" ဟု ပြောသည်။

အဆိုပါငါးကြက်တူရွေးအပါအဝင်ရခိုင်ဒေသရှိ တခြားရေနေသားငါးသယံဇာတများ ရှားပါးလာ၇သည်မှာ ငါးဖမ်းလုပ်ငန်းများကြောင့် မဟုတ်ဘဲပင်လယ်ရေထုအဆိပ်သင့်မှု၊ ဂေဟစနစ်ပျက်စီးမှုများကြောင့်လည်းဖြစ်ကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ကိုင်နေသူ အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင်ကသုံးသပ်ပြောဆိုသည်။

"
ရေထုညစ်ညမ်းမှုမှာပါတဲ့ ဓာတုအဆိပ်သင့်မှုတွေကြောင့်လို့ပြောလို့ရတဲ့အပိုင်းတွေရှိတယ်။ ရေနံတင်သင်္ဘောတွေကရောအညစ်အကြေးဘယ်လိုစွန့်လဲ။ တခြားစက်ရုံတွေ ဆီလှောင်ကန်တွေက အညစ်အကြေးကိုရောဘယ်မှာစွန့်ပစ်ကြလဲ။ပလပ်စတစ်တွေစွန့်ပစ်မှုကရော။ ပင်လယ်ပြင်မှာစည်းမရှိကမ်းမရှိစွန့်ပစ်ကြတာလား။ ဆိုတော့ အဲဒီလိုပုံစံမျိုးတွေကရေထုညစ်ညမ်းမှုတွေ၊ ရေထုအဆိပ်သင့်မှုတွေနဲ့ ရေအရည်အသွေးကျဆင်းမှုတွေရှိလာတယ်။ဆိုတော့ ရေနေသားငါး သတ္တဝါတွေထိခိုက်တဲ့အတွက် ရေထုအဆိပ်သင့်မှုကြောင့် သားငါးသယံဇာတပိုရှားပါးတယ်ဆိုတာက သေချာပါတယ်" ဟု ပြောသည်။

၇ခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်ဖြူမြို့၊မဒေးကျွန်းအနီးရှိ သံဇစ်မြစ်ရေထုညစ်ညမ်းပြီးအဆိုပါရေထုညစ်ညမ်းမှုမှာ မြို့နယ်လေးခုအထိ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

သန်းနှင့်ချီသည့် ဂုံးများအပါအဝင် ရေနေသားငါးပုဇွန်များလည်းသေကြေခဲ့၇ကြောင်း ကိုမျိုးလွင်က ပြောသည်။

"
အဲဒီမြို့နယ်တွေကိုအချက်အလက်ကောက်ယူတဲ့အခါ ငါးပုစွန်ဖမ်းဆီးမှုဟာ ၉၉ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီးတော့ငါးပုစွန်သေဆုံးမှုတွေ၊ ဂုံးသန်းပေါင်းများစွာသေဆုံးမှုတွေရှိခဲ့ပြီးတော့သားငါးပုစွန်အရှိန်အဟုန်နဲ့လျော့ကျသွားတယ်" ဟုပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသ ဂေဟစနစ်ကိုထိန်းညှိပေးသည့် ဒီရေတောများဧရိယာ တဖြည်းဖြည်း ပျောက်ကွယ်လာမှု၊ ရေထုအဆိပ်သင့်စေသည့်စွန့်ပစ်ကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုပ်ယူထိန်းသိမ်းပေးသည့်ရခိုင်ရိုးမသစ်တောဧရိယာပျောက်ကွယ်လာမှုမှာလည်း ရေနေသားငါးသယံဇာတများရှားပါးလာသည့် အရင်းအမြစ်ပြဿနာတစ်ခုဖြစ်နေကြောင်းကိုမျိုးလွင်က နိရဥ္စရာသို့ပြောသည်။ 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.