Preview

စစ်တွေရှိ ယာဉ်ထိန်းရဲများက ဆိုင်ကယ်ဖြင့်သွားလာသည့် မွတ်ဆလင်များထံမှ ငွေညှစ်တောင်းယူမှုများရှိနေဟုဆို

သြဂုတ် ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :2377
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ယာဉ်ထိန်းရဲများသည် မြို့ထဲသွားလာနေသည့်မွတ်ဆလင်များထံမှငွေညှစ်တောင်းယူမှုများရှိနေသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ၁၉ ရက်၊ နေ့လယ် ၂ နာရီကျော်က စစ်တွေမြို့၊ မီးစက်ကြီးလမ်းဆုံတွင် တာဝန်ကျနေသည့်ယာဉ်ထိန်းရဲ ၃ ဦးသည် ဆိုင်ကယ်ဖြင့် သွားလာခဲ့သည့် မွတ်ဆလင် ရ ဦးထံမှငွေညှစ်တောင်းယူမှုများရှိခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မွတ်ဆလင်များက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ယင်းနေ့က ငွေညှစ်တောင်းခံ၍ပေးဆောင်ခဲ့ရသည့် မွတ်ဆလင်များမှာ စစ်တွေတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသည့် ဘူးသီးတောင်နှင့် မောင်တောမှ မွတ်ဆလင်ကျောင်းသား ၂ ဦး၊စစ်တွေမြို့နယ်၊ ခေါင်းဒုက္ခာဒုက္ခသည်စခန်းနှင့် ဆေးသမားဒုက္ခသည်စခန်းတို့မှ၂ ဦး၊ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ ၁ဦး၊ စစ်တွေမြို့၊ဘုမေကျေးရွာ အကွက်(၁၆)မှ အသက်(၆ရ)နှစ် အရွယ်အမျိုးသား၁ ဦးနှင့်စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာမှ လူငယ်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

ကိုယ်တွေ့ကြုံခဲ့ရသည့်မွတ်ဆလင်တစ်ဦးက "အဲဒီနေ့က ဆိုင်ကယ်သော့နဲ့ ဖုန်းတွေကိုပါသိမ်းယူသွားတယ်။ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်ရှိလားမေးတယ်။မောင်းလိုင်စင်မရှိလို့ဆိုပြီးကျွန်တော့်ဆီက ငွေ ၁သိန်းခွဲတောင်းလို့ပေးခဲ့ရပါတယ်။ တရားရုံးလည်းသွားဖို့မရ၊ အရေးကြီးနေတာနဲ့ ပေးခဲ့၇ပါတယ်" ဟု ပြောသည်။

ယင်းအပြင် စစ်တွေတက္ကသိုလ်မှကျောင်းဆင်း၍ပြန်လာသည့် မွတ်ဆလင်ကျောင်းသား ၂ ဦး ထံမှလည်းလိုင်စင်မရှိ၍ဟုဆိုကာ တစ်ဦးလျှင် ကျပ် ရ သောင်းစီ တောင်းယူခဲ့သည့်အတွက်ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

အလားတူ ခေါင်းဒုက္ခာ ဒုက္ခသည်စခန်းနှင့် ဆေးသမားဒုက္ခသည်စခန်းမှကျန်မွတ်ဆလင်များထံမှလည်း ၇ခိုင်စကားမပြောတတ်၍ဟုဆိုကာ တစ်ဦးလျှင်ငွေကျပ် ၃ သိန်းခွဲခန့်စီတောင်းယူခဲ့သည်ဟုကိုယ်တိုင်ကြုံတွေ့ခဲ့၇သူက ဆက်ပြောသည်။

"အဲ့ဒီကျောင်းသား ၂ဦးကလည်း ကျောင်းဆင်းလာတာ။ သူတို့မှာ ပိုက်ဆံမပါလို့ ဘုမေရွာကငွေသွားချေးပြီးတစ်ယောက် ပိုက်ဆံ ရ သောင်းစီပေးမှ လွှတ်ပေးလိုက်တယ်။ ဖမ်းတယ်ဆိုရင်ဒဏ်ကြေးက ၃ သောင်းပဲရှိတာလေ။ ယာဉ်စည်းကမ်းဥပဒေအတိုင်း ထောင်ချလိုက်ရမလားလို့လည်းကျွန်တော်တို့ကို ခြိမ်းခြောက်တယ်။ အဲ့ဒီနေ့က ဖမ်းတယ်ဆိုပြီးကျွန်တော်တို့မွတ်ဆလင်တွေကိုပဲ သက်သက်ဖမ်းထားတာ"ဟု ပြောသည်။

မွတ်ဆလင်လူမျိုးများမှာ စစ်တွေမြို့ထဲသို့ကိစ္စကြီး၊ ကိစ္စငယ်ဖြင့်သွားလာရလျှင် ဆိုင်ကယ်လိုင်စင်နှင့်ယာဉ်မောင်းလိုင်စင်များမရှိဟုဆိုကာ မကြာခဏဆိုသလို ဖမ်းဆီးခံရမှုများရှိသည်ဟုဆိုကြသည်။

စစ်တွေရှိကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးတွင်ဆိုင်ကယ်လိုင်စင်နှင့် မောင်းလိုင်စင်များသွားလုပ်လျှင်လည်း နိုင်ငံသားမဟုတ်ဟုဆိုကာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်မပေးသည့်အတွက် ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များပြုလုပ်၍မရကြဟု မွတ်ဆလင်များက ပြောဆိုကြသည်။

ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူခြင်းကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက "ကျွန်တော်တို့မှာ အစိုးရကထုတ်မပေးရင်လိုင်စင်က ဘယ်ကရမလဲ။ ဒီလိုပဲ လိုင်စင်မရှိလို့ ယာဉ်ထိန်းရဲတွေရဲ့ဖမ်းတယ်ဆိုပြီး ငွေညှစ်တာကို အမြဲခံနေရတော့မှာလား။ ဒါက သက်သက်မဲ့ခွဲခြားဆက်ဆံ အနိုင်ကျင့်ခံရတာ"ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးစစ်တွေမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံ ဆက်သွယ်မေးမြန်းသော်လည်းအဆက်အသွယ်မရသေးပါ။

ထိုသို့ငွေညှစ်တောင်းယူခြင်းမှာမွတ်ဆလင်များအပေါ် မတရားအနိုင်ကျင့်ရာရောက်သည့်အပြင် အစိုးရအနေဖြင့်လည်းမွတ်ဆလင်များအပေါ် မတရားဖိနှိပ် ခွဲခြားဆက်ဆံခံရခြင်းကို ဥပေက္ခာပြု လက်ပိုက်ကြည့်နေဆဲဖြစ်သည်ဟုလည်းဝေဖန်ပြောဆိုနေကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးစစ်တွေတက္ကသိုလ်မှ နောက်ဆုံးနှစ်တက်ရောက်နေသူတစ်ဦးက"ကျွန်တော့်အမြင်ကတော့ ဒီလိုမျိုးလုပ်တာက မကောင်းဘူးပေါ့နော်။ ဖမ်းရင်လည်းအကုန်လုံးကို ဖမ်းပေါ့။ကျောင်းသားတွေအကုန်ကျောင်းဆင်းလာတာကို မွတ်ဆလင်ကျောင်းသားကိုမှဖမ်းပြီး မတရားငွေတောင်းတာကတော့ အရုပ်ဆိုးအကျည်းတန်တယ်။ ဘယ်လိုပြောရမလဲ။လူမျိုးရေး ခွဲခြားတယ်လို့ပြောရမလား။ ပြောချင်တာကတော့တာဝန်အရ ယာဉ်စည်းကမ်းအတိုင်း ဦးထုပ်တွေ၊ လိုင်စင်တွေမပါလို့ဖမ်းတယ်ဆိုရင် အကုန်လုံးကိုဖမ်းဖို့လိုတယ်။ မွတ်ဆလင်ကျောင်းသားလို့ဖမ်းတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး" ဟု ပြောသည်။

စစ်တွေရှိ မွတ်ဆလင်များသည်ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်စစ်တွေမြို့ပြင်ရှိ မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင်၁၀ စုနှစ်တစ်ခုကျော်ကြာ လွတ်လပ်စွာသွားလာခွင့်မရဘဲ နေထိုင်နေကြရသည်ဟုသိရသည်။

ယခုနောက်ပိုင်းတွင်လူမျိုးစုနှစ်ခုအကြား ဆက်ဆံရေးများကောင်းမွန်လာပြီးနောက် မြို့ပြင်ပမှမွတ်ဆလင်များသည် မြို့တွင်းသို့ ဝင်ထွက်သွားလာခွင့်များအနည်းငယ်ရရှိလာနေကြခြင်းဖြစ်ပြီး ယခု ယာဉ်ထိန်းရဲများ၏လုပ်ရပ်ကြောင့်မြို့ထဲကို လွတ်လပ်စွာ မသွားရဲ မလာရဲ ဖြစ်နေကြသည်ဟု ပြောဆိုကြသည်။ 

ဓာတ်ပုံ -မွတ်ဆလင်များထံမှ ယာဉ်ထိန်းရဲများ မကြာခဏ ငွေညှစ်တတ်သည့် စစ်တွေမီးစက်ကြီးအဝိုင်းအား တွေ့၇စဉ်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.