Preview

၇သေ့တောင်မြို့နယ် စေတီပြင်-ကျောက်ပန္ဒူတောင်ကျော် ကွန်ကရစ်လမ်း ဆိုးဝါးစွာ ပျက်စီးနေသော်လည်း တာဝန်ရှိလမ်းအထူးအဖွဲ့ (၁ရ)မှ တစ်ကြိမ်တစ်ခါမှ လာရောက်စစ်ဆေးပြုပြင်ခြင်းမရှိ၍ ပိုမိုပျက်စီးလာ

သြဂုတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :1450
ရခိုင် သတင်း

ဒေသခံပြည်သူများ အသုံးများသည့် ရသေ့တောင်မြို့နယ်ရှိ စေတီပြင်-ကျောက်ပန္ဒူ တောင်ကျော် ကားလမ်းမှာ ဆိုးဝါးစွာပျက်စီးနေသော်လည်း တာဝန်ယူထားသည့်လမ်းအထူးအဖွဲ့ (၁ရ) က တစ်ကြိမ်တစ်ခါမျှ လာရောက်စစ်ဆေးခြင်း၊ ပြုပြင်ခြင်းမရှိ၍ လမ်းမှာပို၍ ပျက်စီးလာသည်ဟုဒေသခံများက ပြောဆိုသည်။

အဆိုပါလမ်းသည်ကျောက်ချောခင်းလမ်းဖြစ်ပြီး သြဂုတ်လ ပထမအပတ်က မိုးသည်းထွန်စွာ ရွာသွန်းခဲ့သည့်အတွက်တောင်ကျရေများက လမ်းပေါ်ရေကျော်ခဲ့ကာ ပျက်စီးနေသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှဒေသခံတစ်ဦးက "အခုက မိုးရွာတာနဲ့ သွားလို့မရဘူး။ ခရီးသည်တွေနဲ့ကားတွေကိုတွန်းပြီးသွားကြတယ်။ အဲ့ဒီလိုတွန်းပြီးသွားလာကြရင်းနဲ့ လမ်းကပိုပျက်စီးသွားတာ။ မိုးကအဆက်မပြတ်ရွာတော့ ရေကျော်ပြီး ချိုင့်ခွက်တွေကပိုနက်လာတယ်။ မြေကလည်းနူးနေတော့ ကားသွားတာနဲ့ပျက်ပြီ" ဟု ပြောသည်။

စေတီပြင် -ကျောက်ပန္ဒူတောင်ကျော်လမ်းသည် ၁၀ မိုင်၊ ရဖာလုံ ရှည်လျားပြီး ကျောက်ချောခင်းလမ်းဖြစ်သော်လည်း တချို့နေရာများတွင်မြေသားလမ်းအဖြစ်ရှိနေသေးကာ အဆိုပါ နေရာများတွင် ပိုဆိုးရွားနေသည်ဟု သိ၇သည်။



ယင်းအထဲ ပျက်စီးနေသည့်လမ်းအရှည်များမှာအရှည်ဆုံး ပေ ၄၀၀ ခန့်တစ်နေရာ၊ ပေ ၁၅၀၊ ၁၀၀ ခန့်အထိတစ်နေရာစသည်ဖြင့်၆ နေရာအထိ ပျက်စီးနေပြီး ပျက်စီးနေသည့်လမ်းအရှည်စုစုပေါင်းရ မိုင်ခန့်ရှိသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်မယူတောင်အရှေ့ဘက်ရှိကျေးရွာများနှင့် မောင်တောမြို့နယ်ရှိ ဒေသခံများမှာအဆိုပါစေတီပြင် - ကျောက်ပန္ဒူတောင်ကျော်လမ်းကို အဓိကအသုံးပြုနေကြရခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆိုးဆိုးဝါးဝါးပျက်စီးနေ၍ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားများနှင့် ဒေသခံများ စစ်တွေသို့ဈေးရောင်းဈေးဝယ်သွားလာရေး၌ အခက်အခဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်မှဒေသခံတစ်ဦးက "ဒီလမ်းက စေတီပြင်ကနေ စစ်တွေကို သွားမယ်ဆိုရင် အငူမော်ထိ၊ ဒီလမ်း မြောက်ဘက်ဆိုရင် မောင်တောအထိ ဆက်သွယ်ထားတဲ့လမ်းဖြစ်တယ်။ ဘူးသီးတောင်ဆိုလည်းမောင်တောဘက်က ၃ မိုင်ဘက်က ပတ်ပြီးသွားရင် ဒီလမ်းက သွား၇တယ်။ဘူးသီးတောင် - အငူမော် - စေတီပြင်လမ်းရှိပေမဲ့ အဲ့ဒီလမ်းကကြမ်းလို့ဒီတောင်ကျော်လမ်းကိုပဲ အဓိကအသုံးပြုကြတယ်။ လမ်းကပျက်စီးနေတော့အချိန်ကြန့်ကြတာတွေ၊ ကားသမားတွေ ဘီးချော်ပြီး တောင်အောက်ကျသွားနိုင်တဲ့အန္တရာယ်ရှိတယ်" ဟု ပြောသည်။

ယင်းအပြင် စေတီပြင်- ကျောက်ပန္ဒူတောင်ကျော်လမ်းမှာ ဆင်းလမ်းနေရာတွင် ပျက်စီးမှုများနေ၍  အလွန်အန္တရာယ်ရှိသည်ဟုလည်းသိရသည်။

အဆိုပါလမ်းမှာတောင်ကျော်လမ်းဖြစ်သည့်အတွက် ဒေသခံများအနေဖြင့်ကိုယ်ထူကိုယ်ထပြုပြင်၍ ရနိုင်မည့်အခြေအနေမရှိ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနကစက်ယန္တရားများနှင့်တိုက်ရိုက် ပြုပြင်ပေးမှသာ အဆင်ပြေနိုင်မည်ဟုဒေသခံများကပြောသည်။

ဓာတ်ပုံ -လူမှုကွန်ရက်

#ရသေ့တောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.