Preview

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာ ၁ ရက်တွင်ရောင်းချမည်

သြဂုတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :848
ရခိုင် သတင်း

၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို လာမည့်စက်တင်ဘာလ ၁ ရက်တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ၂၀၀ ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၇၀၀ ကျပ်ဖြင့်ပေးဆောင်ရမည့် ပညာရေးဝန်ကြီးဌာနငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် စက်တင်ဘာလ ၁ ရက်မှစတင်ရောင်းချမည်ဟု ဩဂုတ်လ ၂၃ ရက်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာတွင် ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားသည်ဟု ဆိုသည်။

စနစ်ဟောင်း န၀မတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။ 

"ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့်မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ်ပါသည်"ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး(၇၀ဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဟု ဆိုသည်။

သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်းမရှိသူများသည် စာမေးပွဲ ဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းလည်း သတ်မှတ်ထားသည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန်လည်း သတိပေးထားသည်။

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော် နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါ၇မီလမ်း၊ ၁၂- ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၇ခိုင်ပြည်နယ်အတွင်းမှ ကျောင်းသူ/သား စုစုပေါင်း (၁၆၉၂၈) ဦးဖြေဆိုခဲ့ရာ ယင်းအထဲမှ ( ၉၉၆၄) ဦး အောင်မြင်ခဲ့သည်။

ယင်းနှစ်တွင် တစ်ပြည်နယ်လုံးအောင်ချက်ရာခိုင်နှုန်း ၅၈ ဒဿမ ၈၆ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ်၊ အောင်ချက်ရာခိုင်နှုန်းထက် ၁၁ ဒဿမ ၆၁ ရာခိုင်နှုန်းထိ တိုးလာခဲ့သည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၇ခိုင်ပြည်နယ်အတွင်းမှ ကျောင်းသား/ ကျောင်းသူ (၄၁၇၅၅)ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး(၁၉၇၂၉) ဦးအောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၄၇ဒဿမ ၂၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.