Preview

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံးအကောင်ထည်ဖော်ရန် စစ်ကောင်စီဥက္ကဋ္ဌတိုက်တွန်း

သြဂုတ် ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1641
ရခိုင် သတင်း


(ရင်းနှီးမြှုပ်နှံထားသည့်တရုတ်ဘက်က ဖိအားပေးမှုများရှိနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းသုံးသပ်)

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့်ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ကြရန်စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

ဩဂုတ်လ ၂၅ ရက်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင်ပြုလုပ်သည့် နိုင်ငံတော်
စီးပွားရေးရာကော်မတီအစည်းအဝေးတွင်အထူးစီးပွားရေးဇုန်စီမံကိန်းများနှင့်ပတ်သက်၍ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်

ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊သီလဝါအထူးစီးပွားရေးဇုန်တို့မှာ နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အတွက် အထောက်အကူပြု၍ တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန်အမြန်ဆုံး ဆောင်ရွက်၇မည်ဟုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌသည်ယခုနှစ်အတွင်း ၄င်း၏ ရခိုင်ခရီးစဉ်များတွင်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံးအကောင် အထည်ဖော်ရန် အမြဲတမ်းပြောဆိုလေ့ရှိသည်။

စစ်ကောင်စီအနေဖြင့်ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အလျင်စလို အကောင်အထည်ဖော်ရန် ပြောနေခြင်းမှာဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအမြောက်အများရှိသည့်တရုတ်ဘက်မှဖိအားပေးတိုက်တွန်းနေ၍ဖြစ်နိုင်ကြောင်းရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက သုံးသပ်သည်။

"အဲဒီမှာ တရုတ်ကရင်းနှီးမြှုပ်နှံမှုတွေအများကြီးရှိတယ်။ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ရှယ်ယာတွေ၊ အများကြီးလုပ်ထားပြီးသားဖြစ်တယ်။ အဲဒါကအကောင်ထည်မဖော်နိုင်သေးတော့ တရုတ်အနေနဲ့ ဖိအားပေးမှုတွေ၊ တိုက်တွန်းမှုတွေရှိမှာပေါ့။အဲဒါကြောင့် ဒါကိုသူတို့အလျင်စလို အကောင်အထည် ဖော်ဖို့ ကြိုးစားရမယ့်အဓိကအကြောင်းအရာဖြစ်နေတယ်" ဟု သုံးသပ်ပြောဆိုသည်။

စစ်ရေးဘက်ကသုံးသပ်ကြည့်လျှင်လည်းရေနက်ဆိပ်ကမ်းအနီးတွင် ရေငုတ်သင်္ဘောများရပ်နားရန်
သတ်မှတ်ထားသည်ဟုသတင်းများကြားနေရသည့်အတွက် စစ်ကောင်စီ၏ စစ်ရေးနှင့်လည်း သက်ဆိုင်လာနိုင်သည်ဟုဦးဖေသန်းက သုံးသပ်သည်။

"နောက်တစ်ခုက ရေနက်ဆိပ်ကမ်းအနီးမှာသူတို့ရေငုပ်သင်္ဘောတွေ ရပ်တန့်မယ့်နေရာတွေလည်း သတ်မှတ်ထားတယ်လို့ကြားတယ်။ဆိုတော့ စစ်ရေးနဲ့လည်း ဆိုင်လာနိုင်ပါတယ်" ဟု ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုအကောင်အထည်ဖော်မည်ဆိုလျှင် ဒေသခံပြည်သူများ၏ လယ်ယာမြေသိမ်းဆည်းမှုများကိုဖြေရှင်းပေးရန်လိုအပ်ပြီးစီမံကိန်းကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် ဒေသခံများ၏လူမှုဘ၀စားဝတ်နေရေးများထိခိုက်မှုရှိလာသည့်အခါ တာဝန်ယူရန်လိုအပ်ကြောင်းဦးဖေသန်းက ပြောသည်။

ယင်းအပြင်ဒေသတွင်းစီးပွားရေးအခွင့်အလမ်းများ၊ ဒေသခံများ၏လူနေမှုဘ၀များတိုးတက်မြင့်မားလာစေရန် ရှေးရှုအကောင်ထည်မဖော်ဘဲ တရုတ်နှင့်စစ်ကောင်စီတို့၏ အကျိုးစီးပွားသက်သက်စီမံကိန်းတစ်ခုမဖြစ်ရန်လိုအပ်ကြောင်းလည်းသူက ဆက်ပြောသည်။

ပြီးခဲ့သည့်မတ်လကုန်ပိုင်းက ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့်ပတ်သက်၍ Myanmar SurveyResearch (MSR) ကုမ္ပဏီကကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ ၅ ရက်ကြာလာရောက်ပြီး မဒေးကျွန်းပေါ်ရှိ ပြင်၊ကျောက်တန်း၊ ရွာမ၊ပန်းထိမ်ဆည်ကျေးရွာများရှိ ဒေသခံများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သဘောထားကောက်ခံမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟုမဒေးကျွန်းဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်တို့ကိုတည်ဆောက်ရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင်တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (China International TrustInvestment Cooperation-CITIC) ဦးဆောင်သည့်ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မဒေးကျွန်းတွင်မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင်မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသည်ဖြင့်တည်ဆောက်မည်ဟု သိရသည်။

အဆိုပါကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels,Carriers, Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများဝင်ထွက်သွားလာနိုင်သည့် ရေနက်ဆိပ်ကမ်းအမျိုးအစားဖြစ်ပြီးအဆိုပါရေနက်ဆိပ်ကမ်းမှ ကျောက်ဖြူရွှေသဘာ၀ဓာတ်ငွေ့နှင့်ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့်ရေနံနှင့် သဘာ၀ဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့တင်ပို့သွားမည်ဟုသိရသည်။

တဖက်တွင်လည်းတရုတ်၏စီးပွားရေးစီမံကိန်းများမှ ဒေသနေလူထု၏ အလုပ်အကိုင်အခွင့်အလမ်းကိုတစ်စုံတစ်ရာပြောင်းလဲမပေးနိုင်သည့်အပြင် ရှိရင်းစွဲအသက်မွေးဝမ်းကျောင်းရေလုပ်ငန်းများပါဆုံးရှုံးလာမည်ကိုဒေသခံများက စိုးရိမ်မှုများရှိနေကြသည်။

ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် ကျောက်ဖြူရှိသံဇစ်မြစ်ကြောင်းတစ်လျှောက်တွင်ရှိသည့် သဘာ၀ဂေဟစနစ်များပျက်စီးပြီးဒေသခံရေလုပ်သားအများအပြား၏ ရေလုပ်ကွက်များပျက်စီးသွားနိုင်၍ အသက်မွေးဝမ်းကျောင်းအလုပ်ကိုင်များဆုံးရှုံးရမည်ကို ဒေသခံရေလုပ်သားများအနေဖြင့်စိုးရိမ်နေကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီသည်ရက္ခိုင့်တပ်တော်(AA)နှင့်ယာယီအပစ်ရပ်ချိန်ကစ၍ ရခိုင်ပြည်တွင်း ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် တောင်ကုတ်မြို့နယ်ရှိရပ်တန့်ထားသည့် နေပူတောင်စီမံကိန်းနှင့် သံတွဲ၊ ဂွနှင့်အမ်းမြို့နယ်တို့တွင် လေအားလျှပ်စစ်ထုတ်လုပ်မည့်စီမံကိန်းတို့ကိုအကောင်အထည်ဖော်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ (NN-23)

 

Photo - CITIC

----

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.