စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အငြိမ်းစားအထက်တန်းရှေ့နေကြီး ဦးသာပွင့် နှလုံးရောဂါဖြင့် ရန်ကုန်တွင်ကွယ်လွန်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 791

ရခိုင်ပြည်နယ်မှ တရားဥပဒေဘက်တော်သား တစ်ဦးလည်းဖြစ်၊ စစ်တွေမြို့မိမြို့ဖ တစ်ဦးလည်းဖြစ်သည့် အငြိမ်းစားရှေ့နေကြီး ဦးသာပွင့်(၇၃)နှစ် သည် နှလုံးသွေးကြောပိတ် ရောဂါနှင့် ဆေးကုသမှုခံယူနေစဥ် ယနေ့မနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်။

 ရှေ့နေဦးသာပွင့်သည် ရန်ကုန်မြို့ရွှေလမင်းဆေးရုံတွင် နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးအဆို့ရှင် မာနေသည့် ရောဂါများကို ကုသမှုခံယူနေစဥ် ယနေ့ မနက် ၁၀ နာရီအချိန်က ကွယ်လွန်သွားကြောင်း မြေးဖြစ်သူကိုဘုန်းပြည့်ဖြိုးက နိရဥ္စရာသို့ပြောသည်။

 

" ဒီနေ့မနက် မနက်ဆယ်နာရီလောက်မှာ ဆုံးပါးသွားပါတယ်။ ရန်ကုန်ရွှေလမင်းဆေးရုံမှာ ဆုံးသွားတာပါ" ဟု သူကပြောသည်။

 

ယခုဩဂုတ်လ ၁၉ ရက်တွင် နှလုံးရောဂါဖောက်လာ၍ စစ်တွေမြို့က ဇီဝကဆေးခန်းသို့ အရေးပေါ်ပို့ခဲ့ရပြီး ၂၃ ရက်တွင် ရန်ကုန်၊ရွှေလမင်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ဆေးကုသမှု ခံယူနေစဥ် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

" ဒီလ ၁၉ ရက်၊ ၂၀ ရက်တွေမှာ နှလုံးရောဂါဖောက်လာလို့ ဇီဝကဆေးခန်းကိုပို့ပါတယ်။ ၂၃ ရက်နေ့မှာ ရန်ကုန်ကိုအရေးပေါ်ယူခဲ့ပါတယ်" ဟု ကိုဘုန်းပြည့်ဖြိုးကပြောသည်။

 

ရှေ့နေဦးသာပွင့်မှာ လွန်ခဲ့သည့် ၇ လလောက်ကပင် နှလုံးရောဂါဝေဒနာကို စတင်ခံစားလာရခြင်း ဖြစ်သည်ဟု သူကဆက်ပြောသည်။

 

ရှေ့နေဦးသာပွင့်သည် စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သည့်အပြင် တရားဥပဒေဘက်တော်သား အထက်တန်းရှေ့နေဟောင်းတစ်ဦးဖြစ်ပြီး တိုက်ပွဲကာလမတရားဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည့် ရခိုင်အရပ်သားများ၏အမှုများကို ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခအား ဝေဖန်ရေးသားသည့်အတွက် စစ်မြေပြင် အင်ဂျင်နီယာတပ် အမှတ် (၉) ဗိုလ်မှူးကျော်ဇော၏ တရားစွဲဆိုခြင်းခံခဲ့ရသည်။

 

မြောက်ဦးတွင် အရပ်သားတစ်ဦးကို စစ်တပ်ကဖမ်းဆီးပြီး အလောင်းကိုပြန်လာပို့သည့်ကိစ္စနှင့် ရခိုင်တိုက်ပွဲကာလအတွင်း စစ်တပ်၏သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည့် ကလေးငယ်၏ ဓာတ်ပုံကို လူမှုကွန်ရက်တင်၍ ဝေဖန်ရေးသားခဲ့သည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ၂၀၂၀ ခုနှစ်က တရားစွဲဆိုခံခဲ့ရစဥ် ဦးသာပွင့်က နိရဥ္စရာသို့ပြောဆိုခဲ့သည်။

 

၂၀၂၀ ခုနှစ်၊အောက်တိုဘာ ၇ ရက်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲတင်ခံခဲ့ရခြင်းဖြစ်သည်။

 

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြားပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၇ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သည့် အမှုနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ဥပဒေအထောက်အကူပြုကော်မတီဖွဲ့စည်းရာတွင်
ဦးသာပွင့်လည်း ပါဝင်ခဲ့သည်။

 

ရှေ့နေဦးသာပွင့်မှာ အငြိမ်းစားယူထားသော်လည်း ရှေ့နေတစ်ဦးပီပီ ဥပဒေကြောင်းဆိုင်ရာများတွင် နောက်ကွယ်မှအကြံပေးအဖြစ် ဆက်လက်ရပ်တည်ခဲ့သည့်အတွက် သူကွယ်လွန်သွားမှုသည် တရားဥပဒေအသိုင်းအဝန်းအတွက် နစ်နာမှုဆုံးရှုံးတစ်ရပ်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကပြောသည်။

 

" ကျွန်တော်တို့ ဥပဒေအသိုင်းအဝိုင်းအတွက်တော့ နစ်နာဆုံးရှုံးတယ်လို့ပြောရမှာပေါ့။သူက အငြိမ်းစားယူထားခဲ့ပေမယ့် အမှုတွေမှာ နောက်ကအကြံပေးအဖြစ်ရပ်တည်ပေးခဲ့တယ်" ဟု သူကပြောသည်။

 

ရှေ့နေဦးသာပွင့်၏ ရုပ်အလောင်းကို မနက်ဖြန်တွင် ရန်ကုန်မှစစ်တွေမြို့သို့ သယ်ဆောင် လာမည်ဟု မိသားစုဝင်များကပြောသည်။(NN-23)

 ဓာတ်ပုံ- မူလပိုင်ရှင်

ဆက်စပ် သတင်းများ