တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စက်တင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌ နောက်ထပ်မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ခြေရှိနေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

လာမည့်စက်တင်ဘာလအတွင်းဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်သေးကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဩဂုတ်လ ၂၈ရက်တွင်ထုတ်ပြန်လိုက်သည်။

မိုးဇလ၏ စက်တင်ဘာလပတ်အတွက် မိုးလေဝသခန့်မှန်းချက်ထဲတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်‌ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ‌ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ ၁၉ ရက်မှ ၂၅  ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း၊ အောက်တိုဘာ ၂ ရက်မှ ၇ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားသည်။


အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်သည်ဟု ဆိုသည်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟုထုတ်ပြန်ချက်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၅)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင် (၁၁)ရက်မှ (၁၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

ယခု ၂၀၂၃ ခုနှစ် မုတ်သုံကာလတွင် ဘင်္ဂလားပင်လယ်အော်၌ အဖျက်စွမ်းအားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းအပါအဝင် မုန်တိုင်းငယ်များ ဆက်တိုက်ဖြစ်ပေါ်မှုရှိခဲ့သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဆိုလျှင် မေလ ၁၄ ရက်က ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁၄၈ ဦးသေဆုံးကာ နေအိမ်အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးသွားခဲ့သည်။

လယ်ယာမြေဧကပေါင်း သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် တောင်သူများတွင် စုဆောင်းထားသည့် မျိုးစပါးများလည်း အမြောက်အများ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လပထမပတ်တွင်လည်း ဘင်္ဂလားပင်လယ်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်မြို့နယ်များတွင်မိုးရက်ဆက်ရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်အတွင်း လူ ၆ ဦးသေဆုံးပြီး အိမ်ခြေ ၃ သောင်းခန့် ရေလွှမ်းခံခဲ့ရကာ ရေကန် ၈၅ ကန်၊ တံတား ၃ စင်း၊ တာတမံ ၅ ခု၊ လယ်ဧက ၇ သောင်းကျော်နှင့် ကွမ်းခင်းများလည်း ပျက်စီးသွားခဲ့ရသည့်အပြင် ကျွဲ၊ နွားတိရစ္ဆာန်များလည်း သေဆုံးမှုများရှိခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (NN-23)


ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

ဆက်စပ် သတင်းများ