စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ကားတင်ပြေးရန်ကြိုးစားမှုငြင်းဆန်ခဲ့၍ အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး အက်ဆစ်ဖြင့် အပက်ခံရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 855

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဩဂုတ်လ ၂၇ ရက်ညပိုင်းက အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးကို အမျိုးသားတစ်ဦးက ဆိုင်ထဲမှအတင်းဆွဲခေါ်ပြီး ကားတင်ပြေးရန်ကြံစည်ရာ ငြင်းဆန်အော်ဟစ်အကူညီတောင်းခံသည့်အတွက် ထိုအမျိုးသမီးကို အက်ဆစ်ရည်ဖြင့် ပက်သွားကြောင်း သတင်းရရှိသည်။

ယင်းသို့ အက်ဆစ်ရည်နှင့်ပက်ခံရသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ နိုးကြားရေး လမ်းတွင် ဖွင့်လှစ်ထားသည့် Top Star အလှပြင်ဆိုင်မှ အသက် ၃၈ နှစ်အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီးဖြစ်သည်။

ကျူးလွန်သူမှာ ကံပိုင်ရပ်ကွက်၊ ဆေးရိုးတန်းလမ်းတွင်နေထိုင်သည့် ဦးသက်ဦး(၄၅)နှစ်ဖြစ်ကြောင်း သိရသည်။

ဦးသက်ဦးမှာ ရွှေမဟာ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတစ်ဦးဖြစ်ပြီး အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီးအား ချစ်ကြိုက်သည်ဟုဆိုကာ အမျိုးသမီးဘက်ကမကြည်ဖြူဘဲ အပြင်သွားလာချိန်များတွင် လိုက်နှောင့်ယှက်လေ့ရှိကြောင်း သိရသည်။

ယမန်နေ့ည နာရီခွဲတွင် ဆိုင်ပိုင်ရှင်အမျိုးသမီးသည် အလှပြင်ဆိုင်ထဲရှိနေစဉ် ဦးသက်ဦးက ဆိုင်ထဲဝင်လာပြီး လက်ကိုအတင်းဆွဲခေါ်ရာ ငြင်းဆန်သဖြင့် အသင့်ပါလာသည့်ဘေးလွယ်အိတ်ထဲမှ အက်ဆစ်ရည်ပုလင်းဖြင့် ပက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ထဲရှိနေသည့်အလှပြင်ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်များကပြောသည်။

အက်ဆစ်ရည်နှင့်ပက်ခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်အမျိုးသမီး၏ မျက်နှာနှင့်ကျောကုန်းတို့တွင် လောင်ကျွမ်းဒဏ်ရာများရရှိခဲ့ပြီး တောင်ကုတ်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်တွင် အလိုမတူဘဲအကြမ်းဖက်ဆွဲခေါ်မှုကို ဝင်ရောက်ဟန့်တားသည့် မယုယုနိုင်(၁၉)နှစ်ဆိုသူမှာလည်း ဝဲဘက်လက်ဖျံ၊ ပေါင်နှစ်ဘက်စလုံးနှင့် ယာဘက်လက်ဖမိုးတို့တွင် အက်ဆစ်လောင်ကျွမ်းဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူဦးသက်ဦးသည် အက်ဆစ်နှင့်ပက်ကာ ထွက်ပြေးသွားပြီး ၄င်းတွင် ဓားရှည်လည်းပါသည့်အတွက် ဘေးပတ်ဝန်းကျင်မှ လူများကလည်း မဖမ်းရဲဘဲဖြစ်နေခဲ့ကြောင်း သိရသည်။

နစ်နာသူမိသားစုက ဂူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အကူညီတောင်းရာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် လိုက်လံဖမ်းဆီးပြီး ဖမ်းမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဦးသက်ဦးအား တောင်ကုတ်မြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ဒေတွင် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အစဉ်လာတစ်ခုကဲ့သို့ လက်ဆင့်ကမ်းသယ်ယူလာသလိုဖြစ်နေကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူကပြောသည်။

"အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေက အစဉ်အလာတစ်ခုလိုဖြစ်နေပြီလို့ ပြောလို့တောင်ရတယ်။ ခေတ်တစ်ခေတ်နဲ့တစ်ခေတ်မှာ ကိန်းဂဏန်းအရ ဘယ်လောက်ရှိတယ်လို့ ပြောလို့မလွယ်ပေမယ့် တောက်လျှောက်တောက်လျှောက် ဆက်ပြီးတော့ အများအပြား ဖြစ်ပေါ်နေသေးတယ်ဆိုတာတော့ ပြောလို့ရတယ်။ အိမ်တွင်းမှာဖြစ်စေ၊ အပြင်မှာဖြစ်စေ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေရှိတယ်။ ဒါက အမျိုးသမီးဖြစ်တဲ့အပေါ် အားနည်းချက် တစ်ခုလို့ယူဆပြီး အနိုင်ကျင့်လို့ရတယ်ဆိုတဲ့ အယူအဆပေါ်မူတည်တယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

အထူးသဖြင့် အမျိုးသမီးဖြစ်မှုအပေါ် အားနည်းချက်တစ်ခုအဖြစ်ယူဆကာ ထိုသို့ အကြမ်းဖက်မှုများကိုပိုမိုကျူးလွန်နေကြောင်း သူမက ဆက်လက်ပြောသည်။

ခေတ်အဆက်ဆက်က အမျိုးသမီးများပေါ်အကြမ်းဖက်မှုများတွင် နစ်နာသူ၏အရှက်သိက္ခာနှင့် အကြောက်တရားအရ ထိန်ချန်ခဲ့ကြသော်လည်း ၂၀၁၀ ပြည့်နှစ်အလွန် ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ပေါ်လာသည့်အချိန်တွင် အကြမ်းဖက်ခံရမှုအပေါ် ပွင့်လင်းစွာဖော်ထုတ်လာနိုင်သည့် အနေအထားရှိခဲ့ကြောင်း သူမကပြောသည်။

လက်ရှိစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ရခိုင်တွင်အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာကြောင်း နိရဥ္စရာက စုံစမ်းသိရှိရသည်။

မတ်လ ၁၆ ရက်နေ့က မင်းဂံအကွက် (၁၃)ရထားလမ်းဘေးတွင် အသက်(၁၁)နှစ်အရွယ် မသန္တာဝင်းမှာ အဝတ်ဗလာဖြင့်ရိုက်နှက်ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ပြီး အဆိုပါအမှုကိုကိုင်တွယ်သည့် စစ်တွေအမှတ်()ရဲစခန်းမှ အမှုနှင့်ပတ်သက်ရေငုံနှုတ်ပိတ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ရက်ကလည်း တောင်ကုတ်မြို့ပေါ်ရပ်ကွက်တစ်ခုတွင် (၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၃၆ နှစ်အရွယ်အမျိုးသားက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်

သြဂုတ်လ ၂၂ ရက်၊ ညနေပိုင်းကလည်း ရမ်းဗြဲ၊ လေးတောင်မြို့အမှတ် ရပ်ကွက်တွင် သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။(NN-23)

ဆက်စပ် သတင်းများ