Preview

ရခိုင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ထပ်မံမိုးသည်းထန်ခဲ့၍ မြို့နယ်အချို့ရှိ စပါးစိုက်ခင်းများ ထပ်မံပျက်စီး

သြဂုတ် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1154
ရခိုင် သတင်း

ရခိုင်ပြည်နယ်တွင်ပြီးခဲ့သည့်ရက်ပိုင်းက ထပ်မံမိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့နယ်အချို့ရှိ စပါးစိုက်ခင်းများထပ်မံပျက်စီးသွားခဲ့သည်ဟု တောင်သူလယ်သမားများက ပြောသည်။

သြဂုတ်လ ၂၄ရက်ခန့်မှစတင်ကာ ၂၇ ရက်အထိ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းခဲ့သည့်အတွက်ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောစသည့်မြို့နယ်အချို့တွင်စိုက်ပျိုးထားသည့်စပါးခင်းများမှာ ရွှံ့၊နွံဖုံးလွှမ်းကာ သေကြေပျက်စီးသွားသဖြင့် တောင်သူလယ်သမားများတွင် ပြန်လည်စိုက်ပျိုးရန်ငွေကြေး၊ မျိုးစပါးနှင့် ပျိုးပင်အခက်အခဲများရှိနေကြသည်ဟုတောင်သူများက ပြောသည်။

မြောက်ဦးမြို့နယ်သာယာကုန်းကျေးရွာမှဦးကျော်စိန်ကေ "ကျွန်တော့်မှာ လယ်ဧက ၁၅ ဧကကျော်မှာထက်ဝက်လောက် ပျက်စီးသွားပါတယ်။ ပြန်ပြီးတော့ စိုက်ပျိုးရမှာအခက်အခဲအများကြီးရှိပါတယ်။ ပျိုးစပါးပင်က မရှိဘူး။တစ်ရွာလုံးလိုလိုဖြစ်တာဆိုတော့ ပိုဆိုးတာပေါ့" ဟု ပြောသည်။

အဆိုပါမြို့နယ်များတွင်ဇူလိုင်လနောက်ဆုံးပတ်နှင့် သြဂုတ်အစောပိုင်းတို့တွင် မိုးသည်းထန်ပြီး မြစ်ရေ၊ချောင်းရေများမြင့်တက်ခဲ့မှုကြောင့်လည်း စိုက်ပျိုးပြီး စပါးခင်းများ ရွှံ့၊နွံများဖုံးလွှမ်းကာ ပျက်စီးခဲ့ရသေးသည်။

ယင်းသို့ပျက်စီးသွားမှုကို အခက်အခဲများကြားမှပြန်လည်စိုက်ပျိုးထားခဲ့ရပြီး ယခုတဖန် ထပ်မံ ပျက်စီးဆုံးရှုံးမှုကိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုလည်း တောင်သူများက ဆိုသည်။

ပေါက်တောမြို့နယ်ငဝက်စွယ်ကျေးရွာမှ ဦးအောင်ကျော်ညွန့်က "အခုဆို ပြန်စိုက်နိုင်ဖို့က မသေချာဘူး။ဒုတိယအကြိမ် စပါးပင်တွေက ရွှံ့၊ နွံ ဖုံးလွှမ်းပြီးပျက်စီးသွားတာဆိုတော့ မတတ်နိုင်တော့ဘူး။ ပျိုးစပါးပင်ကိုနှုတ်ဖို့လည်း ငှားရ၊ စိုက်ဖို့လည်း ငှားရဆိုတော့ ငွေကမရှိတော့ဘူး။ထပ်စိုက်ဖို့ မဖြစ်နိုင်တော့ဘူး"ဟု ပြောသည်။

ပျက်စီးသွားသော လယ်ယာမြေများကိုပြန်လည် စိုက်ပျိုးထွန်ယက်ရန် စိတ်ရှိကြသော်လည်း မျိုးစပါးရှားပါးမှုနှင့်ငွေကြေးမလုံလောက်မှုများကြောင့် ပြန်လည်စိုက်ပျိုးရန်အခက်အခဲဖြစ်ပေါ်နေသည်ဟု ကျောက်တော်မြို့နယ်၊ အုတ်သောင်ပြင်ကျေးရွာမှဦးဝင်းသိန်းက ပြောသည်။

"လယ်ပျက်စီးတာ အနည်းအများရှိကြပါတယ်။လုံး၀ပျက်စီးတာတွေလည်း ရှိတယ်။ စိုက်ဖို့လုပ်နေပါတယ်။ အားလုံးတော့မဟုတ်ပါ။ နောက်နှစ်ဝမ်းစာရရင် တော်ပြီဆိုတဲ့သဘောပါ"ဟု ပြောသည်။

ဩဂုတ်လပထမအပတ်တွင်မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့်ရခိုင်မှ မြို့နယ် ရ ခုတွင် စိုက်ပျိုးပြီးလယ်ဧက ရသောင်းကျော် ပျက်စီးခဲ့သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အလားတူယခုပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်မြို့နယ်များအပါအဝင် ရခိုင်ရှိ မြို့နယ် ၁၀မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်သွားခဲ့သည့်မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်လည်း တောင်သူများ၏လယ်ယာမြေဧကအမြောက်အများ ဆားငန်ရေဝင်ရောက်ပျက်စီးသွားကာ စုဆောင်းထားသည့်မျိုးစပါးများလည်း ရေစိုပျက်စီးမှုဖြစ်ပေါ်ခဲ့သေးသည်။

ယခုကဲ့သို့ ပျက်စီးထိခိုက်ဆုံးရှုံးမှုအများအပြားရှိခဲ့သည့်အတွက် ယခုနှစ် စပါးစိုက်ရာသီတွင် ရခိုင်မှလယ်သမားများမှာ ပုံမှန်နှစ်များကကဲ့သို့ ရာနှုန်းပြည့်စိုက်ပျိုးနိုင်မှုမရှိခဲ့ဟုလည်းသိ၇သည်။ (NN -10)

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.