တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ်တွင် အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးကို အက်ဆစ်နှင့်ပက်သူအမျိုးသား ၎င်းကိုယ်တိုင် အက်ဆစ်သောက်သဖြင့် ဆေးရုံတင်ထားရဟု ရဲစခန်းမှူးပြော


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 737

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို အလိုမတူဘဲအကြမ်းဖက်ဆွဲခေါ်ပြီး အက်ဆစ်နှင့်ပက်ခဲ့သည့်အမျိုးသားကိုယ်တိုင် အက်ဆစ်သောက်ထား၍ ဆေးရုံတင်ထားရကြောင်း တောင်ကုတ်မြို့မရဲစခန်းမှူးက နိရဥ္စရာသို့ပြောသည်။

"အဲဒီကောင်လည်း အက်ဆစ်သောက်ထားလို့ဆေးရုံတင်ထားရတယ်။ အခုဆေးရုံမှာပါ။ အဲဒီအခြေအနေနဲ့က ဖမ်းထားဖို့မလွယ်ဘူးလေ။ သူလည်း အခြေအနေတော်တော်ဆိုးတယ်။ အမှုကတော့ ဖွင့်ထားပါတယ်" ဟု ပြောသည်။

အက်ဆက်သောက်ထား၍ ဆေးရုံတင်ထားရသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ ဆေးရိုးတန်းလမ်းတွင်နေထိုင်သည့် ရွှေမဟာဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်း ဦးသက်ဦး(၄၅)နှစ်ဖြစ်သည်။

သူသည် ကံပိုင်ရပ်ကွက်၊ နိုးကြားရေးလမ်းမှ Top Star အလှပြင်ဆိုင်ပိုင်ရှင် မ...(၃၈) နှစ်ကို ဩဂုတ်လ ၂၇ ရက်၊ ည ၈ နာရီခွဲတွင် အလိုမတူဘဲဆိုင်ထဲဝင်ကာ အကြမ်းဖက်ဆွဲခေါ်ကာ ကားတင်ပြေးရန်ကြိုးစားခဲ့သည်။

ယင်းသို့ အကြမ်းဖက်ဆွဲခေါ်မှုကို မ...က ငြင်းဆန်အော်ဟစ်အကူညီတောင်းသဖြင့် သူ၏ဘေးလွယ်အိတ်တွင် အသင့်ပါလာသော အက်ဆစ်ရည်ပုလင်းဖြင့် မျက်နှာကို ပက်ခဲ့ခြင်းဖြစ်ကြောင်း အလှပြင်ဆိုင်မှ ဝန်ထမ်းအမျိုးသမီးငယ်များက ပြောသည်။

ထိုသို့ အက်ဆစ်ရည်နှင့်ပက်ခဲ့ခြင်းကြောင့် မ....၏ မျက်နှာနှင့်ကျောကုန်းတို့တွင် လောင်ကျွမ်းဒဏ်ရာများရရှိခဲ့ပြီး တောင်ကုတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

အလားတူ အကြမ်းဖက်ဆွဲခေါ်နေစဉ် ဝင်ရောက်ဟန့်တားခဲ့သည့် မယုယုနိုင်(၁၉)နှစ်ဆိုသူမှာလည်း ဝဲဘက်လက်ဖျံ၊ ပေါင်နှစ်ဘက်စလုံးနှင့် ယာဘက်လက်ဖမိုးတို့တွင် အက်ဆစ်လောင်ကျွမ်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင်ပင် ဦးသက်ဦးသည် ကိုယ်တိုင်အက်ဆစ်သောက်ပစ်ပြီးနောက် ဂူတာရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့ကို ဖမ်းမိခဲ့သည်ဟု သိရသည်။

နစ်နာသူအမျိုးသမီး၏မိသားစု၏တိုင်တန်းချက်အရ တောင်ကုတ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ  ၃၂၆/၃၂၄ ဖြင့် သူ့ကို အမှုဖွင့်ခဲ့သည်ဟု တောင်ကုတ်မြို့မရဲစခန်း ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ဦးသက်ဦးသည် ယခင်ကပင် အလှပြင်ဆိုင်ပိုင်ရှင် မ...ကိုချစ်ကြိုက်ရည်ငံသည်ဆိုသော အကြောင်းပြချက်ဖြင့် တစ်ဘက်မှအလိုမတူဘဲ မ...အပြင်သွားလာချိန်များတွင် အမြဲတမ်းလိုက်နှောင့်ယှက်လေ့ရှိကြောင်း နစ်နာသူမိသားစုဝင်များက ပြောသည်။

(NN-23)

ဆက်စပ် သတင်းများ