သောကြာ၊ အောက်တိုဘာလ ၄ရက်၊ ၂၀၂၄

အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်းဝင်စစ်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.8k

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်း ဝင်စစ်မှုများကို ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

မောင်တောမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အင်အား ၅ဝ ခန့်က ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှစတင်ကာ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ရှောင်တခင် စစ်ဆေးနေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

သြဂုတ်လ ၃၁ ရက်၊ ညတွင်လည်း မောင်တောမြို့ရှိ ကညင်တန်းရပ်ကွက်နှင့် အခြားရပ်ကွက်အချို့ကို အဆိုပါအဖွဲ့က စစ်ကား ၂ စီးဖြင့် နေအိမ်များကို ဝင်စစ်ခဲ့ကြောင်း မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"အဓိကတော့ မောင်တော၊ ဘူးသီးတောင်မှာ ARSA အဖွဲ့က လှုပ်ရှားနေလို့၊ လှုပ်ရှားတာများနေလို့၊ သတင်းတွေကြားလို့ ဒီလိုမျိုးဧည့်စာရင်းစစ်နေတာလို့ သုံးသပ်မိပါတယ်"ဟု ပြောသည်။

မောင်တောမြို့တွင် ကညင်တန်း၊ မြို့မအရှေ့၊ မြို့မအနောက်၊ မြို့မတောင်၊ မြို့မမြောက်၊ မောင်နီရပ်ကွက်၊ ရွာသစ်ကေ၊ လသာ၊ မြို့ဦး၊ ၆ မိုင်၊ ဝေသာလီနှင့် မြို့သူကြီးစသည့် မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက နိရဥ္စရာကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ယခုကဲ့သို့ ရှောင်တခင် ဧည့်စာရင်း ဝင်စစ်နေခြင်းဖြစ်သည်ဟု သူက ပြောသည်။

"သက်ဆိုင်ရာက ကြိုတင်တော့ မပြောဘူး။ ဒီရပ်ကွက်ကို လာစစ်မယ်ဆိုပြီးတော့လေ။ ရှောင်တခင်လာစစ်တဲ့သဘောပါ"ဟု ပြောသည်။

ယင်းသို့ စစ်ဆေးနေစဉ်ကာလအတွင်း သံသယရှိသူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းမိခြင်း မရှိသေးဟုလည်း ဆိုသည်။

မောင်တောမြို့နယ်တွင်းရှိ ကျေးရွာများကိုမူ ယခုကဲ့သို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်ခြင်းမျိုး မရှိသေးဟုလည်း မွတ်ဆလင်ကျေးရွာသားတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခြေကုပ်ယူထားသည့် ARSA အကြမ်းဖက်အဖွဲ့ကို ယခုနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများပြုလုပ်လာနေ၍ ARSA သည် ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ စိမ့်ဝင်လှုပ်ရှားလာနေကြခြင်း ဖြစ်သည်ဟု သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စခန်းချနေထိုင်ခြင်း၊ မွတ်ဆလင်ကျေးရွာများကို လက်နက်ပြပြီး စည်းရုံးရေးဆင်းခြင်း၊ မွတ်ဆလင်စီးပွားရေးလုပ်ငန်းရှင်အချို့ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်တောင်းခံခြင်း၊ ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲအချို့ဖြစ်ပွားခြင်း၊ မောင်တောဒေသတွင် မွတ်ဆလင်များသတ်ဖြတ်ခံခဲ့ရသည့် ၆ နှစ်ပြည့်အထိမ်းအမှတ်ပွဲများကို ဦးဆောင်ပြုလုပ်ခြင်း စသည့်လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ယင်းသို့ လှုပ်ရှားလာနေသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်ဟုလည်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ယင်းသို့ နယ်မြေရှင်းလင်းခဲ့မှုကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည်ဝင်ရောက် လာနိုင်ခြင်းမရှိသေးသည်ဟု သိရသည်။ (NN-16)

ဆက်စပ် သတင်းများ