Preview

သံတွဲတွင် ဘောလုံးပွဲအပြီး မူးမေ့သူ ကျောင်းသူ ၆ ဦးကို ထပ်မံဆေးရုံတင်ရ

စက်တင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1360
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ကင်းမော်ကျေးရွာမှ ဘောလုံးပွဲအပြန် မူးမေ့သူ အယောက် ၂၀ ကျော်အနက် နောက်ထပ်ကျောင်းသူ ၆ ဦးကို ဆေးရုံတင်လိုက်ရသည်ဟု သိ၇သည်။

သူတို့ ၆ဦးသည် ယမန်နေ့၊ စက်တင်ဘာလ ၃ ရက်တွင် အသက်ရှူမ၀ဖြစ်ပြီး အောက်စီဂျင် ကျဆင်းလာမှုကြောင့် သံတွဲဆေးရုံသို့တင်ထားလိုက်ရခြင်းဖြစ်သည်ဟု သံတွဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို အတည်ပြုပြောသည်။

"မနေ့ကခြောက်ယောက်ထပ်ဖြစ်ပြန်တယ်။ အောက်စီဂျင်ပြတ်ပြီး အသက်ရှုမ၀ဖြစ်တာပါ။ဆေးရုံပြန်တင်ထား၇ပါတယ်" ဟု ပြောသည်။

 သူတို့၏အခြေအနေမှာမစိုးရိမ်ရဟု သိ၇သည်။


ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့က သံတွဲမြို့ မြို့နယ်အားကစားကွင်းတွင်ကျင်းပသောမြို့နယ်အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ၌ အ.ထ.ကကင်းမော်အသင်းနှင့် အ.ထ.က ဂျိတ္တောအသင်းတို့ ဆီးမီးဖိုင်နယ်ယှဉ်ပြိုင်ကစားခဲ့ကြရာအ.ထ.က ဂျိတ္တောအသင်းက အနိုင်ရရှိခဲ့သည်။

ယင်းနေ့က ဘောလုံးပွဲအပြီးညနေပိုင်းအချိန်က အ.ထ.က ကင်းမော်အသင်းမှ အသင်းသားများနှင့်လာရောက်အားပေးကြသူများက သံတွဲမြို့နှင့် ၅ မိုင်ခွဲခန့်ဝေးသည့်ကင်းမော်ရွာသို့ ကားဖြင့် ပြန်လည်ရောက်ရှိပြီးနောက် လူဦးရေ ၂၀ ကျော်မှာရုတ်တရက် အသက်ရှူကျပ်ကာ သတိလစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအနက် ၃ဦးကို စိုးရိမ်ရ၍ ညတွင်းချင်း သံတွဲဆေးရုံသို့ အရေးပေါ် ဆေးရုံတင်လိုက်ရပြီးလက်ရှိတွင် သက်သာသွားပြီဖြစ်၍ ဆေးရုံမှ ဆင်းသွားကြပြီးနောက် နောက်ထပ် ၆ ဦး အသက်ရှုကျပ်၍ယမန်နေ့က ဆက်လက် ဆေးရုံတင်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့ခံတစ်ဦးက"သတိလစ်မှုဖြစ်တဲ့ကလေးတွေကကောင်းတဲ့သူတွေကောင်းနေကြပြီ။ ဆေးရုံကိုရောက်လို့ နည်းနည်းပါးပါးသက်သာတဲ့သူတွေက ကိုယ့်အိမ်ကို ပြန်လာတယ်။ အိမ်ကို ရောက်တော့ပြန်လည်ပြီး သတိမေ့သွားကြတဲ့သူတွေရှိတယ်။ မနေ့ကသတိလစ်မူးမေ့တဲ့သူတွေကိုလည်းဆေးရုံဆက်တင်ထား၇သေးပါတယ်။ ဘာဖြစ်တာမှန်းတော့ မသိပါဘူး" ဟုပြောသည်။

သံတွဲမြို့နယ်တွင်အခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၂၀ ရက်မှစက်တင်ဘာလ ၃ ရက်အထိ သံတွဲမြို့ရှိ မြို့နယ်အားကစားကွင်းတွင်မြို့နယ်အား/ကာက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ၂၁ ရက်၊ နံနက်ကလည်း မြောက်ဦးမြို့နယ်၊ (ကုလားပုန်း) ညောင်ပင်လယ်ကျေးရွာအထက်တန်းကျောင်းခွဲမှ Grade- 9 ကျောင်းသူ၄ ဦးမှာ ကျောင်းစာသင်ခန်းထဲရုတ်တရက်အသက်ရှူကျပ်၍ ဆေးရုံတင်လိုက်ရသည်ဟု သိ၇သည်။

အလားတူ ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော်သည် စာသင်နေရင်း ရုတ်တရက်အသက်ရှုမရ မွန်းကျပ်လာသည့်အတွက် ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရကြောင်းသိ၇သည်။ (NN-12)

ဓာတ်ပုံ - Thandwe Sports page

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.