သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေဝေသာလီဘောလုံးကွင်းကို ရခိုင်ယူနိုက်တက်အသင်းက ကျပ်သိန်းပေါင်း ၅ သောင်းခန့်ဖြင့် အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် အားကစားဝန်ကြီးဌာနကို ကနဦးစာတင်ခွင့်ပြုချက် တောင်းခဲ့သော်လည်း တစ်နှစ်ကျော်အကြာထိခွင့်ပြုချက်မရ၍ စစ်ကောင်စီဥက္ကဋ္ဌထံ ယခုနှစ်တွင် ထပ်မံစာတင်တောင်းဆိုထား)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဝေသာလီဘောလုံးအားကစားကွင်းကို ကျပ်သိန်းပေါင်း ၅ သောင်းခန့် အကုန်အကျခံကာ အဆင့်မီဘောလုံးကွင်းအဖြစ်တည်ဆောက်သွားရန်ရှိသည်ဟု ရခိုင်ယူနိုက်တက် ဘောလုံးအသင်း(RUFC)မှ သိရသည်။

ယင်းသို့ တည်ဆောက်ခွင့်ရရန် RUFC က နိုင်ငံတော်ဝန်ကြီးချုပ် (စစ်ကောင်စီဥက္ကဋ္ဌ) ထံ ဧပြီလ ၂၅ ရက်တွင် စာတင်တောင်းဆိုထားခဲ့သော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုချက်မပေးသေး၍ အဆင့်မြှင့် တည်ဆောက်ရေးလုပ်ငန်းကို မစတင်နိုင်သေးကြောင်း RUFC ၏ မန်နေဂျာဦးအောင်မြင့်ထွန်းက ပြောသည်။

"ဘောလုံးကွင်းအဆင့်မြှင့်တင်တာမှာ ကုန်ကျမယ့်စရိတ်တွေအကုန်လုံး ကျနော်တို့ ရခိုင်ယူနိုက်တက်က ကုန်ကျခံမှာပါ။ အခုက တည်ဆောက်ခွင့်ကို စောင့်နေရတာ။ ခွင့်ပြုချက်ပေးတယ်ဆိုတာနဲ့ နှစ်ပတ်အတွင်းလုပ်ငန်းစတင်လို့ရပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်ကို ဧပြီလထဲက စာတင်ထားပါတယ်။ ခွင့်ပြုချက်အခုထိမရသေးဘူး" ဟု ပြောသည်။



RUFC ၏ အိမ်ကွင်းဖြစ်သည့် ဝေသာလီဘောလုံးကွင်းကို ဘောလုံး အကယ်ဒမီနှင့် အဆင့်မြင့် လေ့ကျင့်ကွင်းများ၊ ပရိသတ် ၇၀၀၀ ကျော်ဆံ့သည့် ပွဲကြည့်စင်၊ ကစားသမားနားနေဆောင်၊ ကစားသမားများ စားသောက်ဆောင်၊ ဆေးရုံ၊ ရခိုင်ယူနိုက်တက်ရုံးခန်းစသဖြင့် ခေတ်မီဘောလုံးကွင်း တစ်ခုအဖြစ်တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အသုံးပြုမည့်ဘတ်ဂျက်ငွေလည်း အဆင်သင့်ရှိကြောင်း ဦးအောင်မြင့်ထွန်းက ဆက်ပြောသည်။

တည်ဆောက်ခွင့်ရသည်နှင့် ခေတ်မီပွဲကြည့်စင်ကို ပထမဦးစားပေးအနေဖြင့်တည်ဆောက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ထိုသို့အဆင့်မြှင့်တည်ဆောက်ရေးကိစ္စကို မြန်မာနိုင်ငံလူငယ်နှင့်အားကစားဝန်ကြီးဌာနဝန်ကြီးထံ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကနဦးစာတင်ခွင့်ပြုချက်တောင်းခဲ့သော်လည်း တစ်နှစ်ကျော်အကြာထိခွင့်ပြုချက်မရ၍ စစ်ကောင်စီဥက္ကဋ္ဌထံ ယခုနှစ်တွင် ထပ်မံစာတင် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မြင့်ထွန်းက ပြောသည်။

"ကိုယ့်ပိုက်ဆံနဲ့ကိုယ်လုပ်မယ့်ကိစ္စကိုတောင် ပံ့ပိုးမှုမပေးနိုင်ရင်တောင် အားထည့်ပေးရမှာလေ။ ရခိုင်ဒေသ အားကစားဖွံ့ဖြိုးတိုးတက်ဖို့အတွက်လုပ်နေတာမှာ ဝန်ကြီးဌာနတွေက ဒီလိုလုပ်နေတာ အတော်ဆိုးရွားပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘောလုံးအားကစားကိုမြှင့်တင်ခြင်းဖြင့် မူးယစ်ဆေးဝါးနှင့် ဒုစရိုက်မှုများမှလည်း တဖြည်းဖြည်းလျော့နည်းလာနိုင်ပြီး နိုင်ငံအကျိုးပြုနိုင်သည့် ထူးချွန်အားကစားသမားလူငယ်များ ပေါ်ထွန်းလာနိုင်သောကြောင့် နိုင်ငံတော်အဆင့်တာဝန်ရှိသူများက မပံ့ပိုးနိုင်လျှင်တောင် ကန့်သတ်တားမြစ်မထားရန် လိုအပ်သည်ဟုလည်း ဆိုသည်။

ယင်းသို့ အသင်း၏အိမ်ကွင်းကို အဆင့်မြှင့်တင်နိုင်ခြင်းမရှိသေး၍ ဘောလုံးပွဲစဉ်များကို ရန်ကုန်တွင်သာ ယှဉ်ပြိုင်ကစားနေကြရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မိုခါမုန်တိုင်းအတွင်း ဝေသာလီဘောလုံးကွင်း ကျပ်သိန်း ၇၀၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ဘောလုံးကွင်းရှိ အပျက်စီးများပြင်ဆင်ရန် နိုင်ငံတော်က အထောက်အပံ့တစ်စုံတစ်ရာမရရှိခဲ့၍ အသင်း၏ ဘတ်ဂျက်ဖြင့်သာ ပြန်လည်ပြင်ဆင်ခဲ့ရကြောင်း သိရသည်။

RUFC သည် ယခုနှစ်ထဲတွင် ရက္ခပူရအသင်းနှင့် U-15 အသင်းတို့အတွက် ရခိုင်မြို့နယ်များမှ လူငယ်ကစားသမားအသစ်များ ရွေးချယ်နေသည်ကို တွေ့ရသည်။

အဆိုပါရွေးချယ်ထားသည့် လူငယ်ကစားသမားများကို ယခု စက်တင်ဘာလအတွင်း ခြေစမ်းပွဲများကစားစေပြီး အသင်းအတွက် တရားဝင်ရွေးချယ်သွားမည်ဟုလည်း ဦးအောင်မြင့်ထွန်းက နိရဥ္စရာသို့ပြောသည်။

ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် FIFA-MFF U-15 Youth League အောက်မြန်မာပြည်(ရန်ကုန်ဇုန်)ပွဲစဉ်ပထမကျော့တွင် ၁၁ ပွဲကစားရာ ၉ ပွဲနိုင်ပြီး ၂ ပွဲသရေရလဒ်ဖြင့် ရာသီဝက်ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့သည်။

အဆိုပါယူ- ၁၅ အသင်းသည် စက်တင်ဘာလ ၅ ရက်တွင် သုဝဏ္ဏအားကစားကွင်းတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် ရှိနေကြောင်း သိရသည်။ (NN-23)

ဓာတ်ပုံ - မိုခါမုန်တိုင်းအတွင်း ပျက်စီးသွားသည့် ဝေသာလီဘောလုံး အားကစားကွင်းအားတွေ့ရစဉ်။ (Photo – RUFC)

ဆက်စပ် သတင်းများ