တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းတိုက်သွားသည်မှာ ၄ လခန့်ကြာလာသော်လည်း ပျက်စီးသွားသည့် စာသင်ကျောင်းများ ရာနှုန်းပြည့်ပြန်မဖွင့်နိုင်သေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 998

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်သွားသည်မှာ ၄ ခန့်ကြာပြီဖြစ်သော်လည်း မုန်တိုင်းကြောင့်ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်းများကို လက်ရှိအချိန်ထိ ရာနှုန်းပြည့်မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့ပေါ်ဒေသတစ်ချို့တွင်သာ ရာနှုန်းပြည့်ပြီးစီးသေးပြီး ကျေးရွာအများအပြားတွင် ပြုပြင်ရန် စာသင်ကျောင်းအများအပြားကျန်နေသေးကြောင်းလည်း မုန်တိုင်းသင့်ဒေသမှ ကျောင်းဆရာ၊ ဆရာမများက ပြောသည်။

အချို့ကျေးရွာများရှိ စာသင်ကျောင်းများမှာ ပြုပြင်ဆဲကာလဖြစ်သောကြောင့် စာသင်ကြားမှုတွင် အခက်ခဲရှိနေသေးသည်ဟု ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ဆရာမတစ်ဦးက ပြောသည်။

"စာသင်ရတဲ့ပုံစံက အခုအချိန်ထိ ကလေးတွေကို အရင်တုန်းကလို တစ်ချိန်တည်းသင်လို့မရဘူး။ မုန်တိုင်းတိုက်ပြီးကျန်ခဲ့တဲ့အဆောင်တွေကတော့ မိုးတွေယိုနေသေးပါတယ်။ အရင်ဆုံးတော့ ကလေးတွေပညာရေးမနှောင့်နှေးရအောင် အဆောက်အဦးတွေ အမြန်ဆုံး ဆောက်ပေးစေချင်တာပေါ့နော်။ အခန်းတစ်ခန်းထဲမှာ အတန်းသုံးတန်းပြရတဲ့အထိ အဆင်မပြေမှုတွေရှိပါတယ်"ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ပြိုပျက်နေသည့်စာသင်ကျောင်းများတွင် စာသင်နေရခြင်းမှာ လုံခြုံမှုမရှိခြင်းကြောင့် ကလေးငယ်များ၏စိတ်ပိုင်းဆိုင်ရာများတွင်လည်း ထိခိုက်မှုရှိလာနိုင်သည်ဟု ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင်က ပြောသည်။

"မိုးယိုနေရင် စာကိုစိတ်ဝင်စားဖို့မရဘူး။ မိုယိုနေတဲ့အချိန်တွေ၊ လေတိုက်နေတဲ့အချိန်မှာ စာသင်နေရရင် ကလေးတွေဘက်ကလည်း စိတ်အားငယ်တာမျိုးရှိနေနိုင်တယ်။ ကျောင်းမတက်ချင်တော့ တာမျိုးတွေဖြစ်တယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကမူ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည်ပြုပြင်ရာတွင် ၉ဝ ရာနှုန်းပြီးစီးနေပြီဖြစ်ပြီး ယခုစက်တင်ဘာလလယ်တွင် ရာနှုန်းပြည့်စီးမည်ဟု ခန့်မှန်းထားကြောင်း နိရဥ္စရာကို ပြောသည်။

"တစ်ချို့မြို့နယ်တွေမှာ ၁၀၀ ရာခိုင်နှုန်းပြီးပြီ။ အားလုံးခြုံကြည့်လိုက်ရင် ၉၀ ရာခိုင်နှုန်းတော့ ပြီးနေပါပြီ။ ပထမတော့ သြဂုတ်လမှာ ပြီးမယ်လို့မှန်းခဲ့တယ်ပေါ့နော်။ အခု ကြားမှာ ပစ္စည်းသယ်ယူတာတွေအခက်ခဲရှိနေတဲ့အတွက် စက်တင်ဘာလ လယ်ပိုင်းမှာထပ်ပြီးမှန်းတယ်"ဟု နိရဥ္စရာကို ပြောသည်။

မုန်တိုင်းသင့်မြို့နယ်များအနက် စစ်တွေ၊ မြေပုံ၊ မောင်တော၊ မြို့နယ်များတွင် ၁၀၀ ရာခိုင်နှုန်း၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်တွင် ၉၀ ရာခိုင်နှုန်း၊ မြောက်ဦးမြို့နယ်တွင် ၉၅ ရာခိုင်နှုန်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၈၅ ရာခိုင်နှုန်းနှင့် ဘူးသီးတောင်တွင် ၆၀ ရာခိုင်နှုန်းကျော်ပြီးနေစီးပြီဟု ဦးဘထွီးစိန်က ပြောသည်။

ရခိုင်တစ်ပြည်လုံးတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,၁၉၃ ကျောင်းရှိသည့်အထဲမှ ၁,၃၃၇ ကျောင်းမှာ မိုခါမုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးသွားခဲ့သည်ဟု သိရသည်။

ပြိုပျက်နေသည့်အဆိုပါကျောင်းများအပါအဝင် ရခိုင်မှ ကျောင်းပေါင်း ၂,၄၁၀ ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်စပ် သတင်းများ