Preview

စစ်တွေတွင် ညဈေးတန်းတစ်ခုဖွင့်လှစ်မည်

စက်တင်ဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1993
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သံပုရာသီးခွဆုံတွင် လာမည့်စက်တင်ဘာလ၉ ရက်၌ သန့်ရှင်းသပ်ရပ်သည့် ညဈေးတန်းသစ်ဖွင့်လှစ်ရန်စီစဉ်နေသည်ဟုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"
မြို့တော်စစ်တွေသန့်ရှင်းသပ်ရပ်ပြီးတော့ မြို့တော်အင်္ဂါရပ်နဲ့ညီစေဖို့ညဈေးတန်းသစ်ဖွင့်လှစ်ပေးသွားမှာပါ။ အမြန်ဆုံးဖြစ်အောင် စီစဉ်နေကြပါတယ်။ပျံကျဈေးသည်တွေအတွက်လည်းအဆင်ပြေပြေနဲ့ စနစ်တကျရောင်းချနိုင်အောင်စီစဉ်နေတာဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါညဈေးတန်းကို စစ်တွေမြို့မဈေးကြီးအနီးသံပုရာသီးလမ်းဆုံဟုလူသိများသော ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ရှိမြေကွက်လပ်တွင် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်သည်။

ယင်းသို့ဖွင့်လှစ်နိုင်ရန်အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ ဆိုင်ခန်း ၁၉ ခန်းနှင့် အလျား ၇ ပေ၊အနံ ၅ ပေရှိဆိုင်ခန်း ၆၄ ခန်း စုစုပေါင်း ဆိုင်ခန်း ၈၃ ခန်းစာကိုမြို့နယ်စည်ပင်က မြေနေရာတိုင်းတာသတ်မှတ်နေပြီဟုလည်း သိ၇သည်။

အဆိုပါဆိုင်ခန်းများကို အခမဲ့ မဲစနစ်ဖြင့်မဲနှိုက်နေရာချပေးသွားမည်ဟုလည်း ဆိုသည်။

စစ်တွေမြို့တွင် ညဈေးတန်းတစ်ခုအမှန်တကယ်လိုအပ်နေချိန် ယခုကဲ့သို့ ဖွင့်လှစ်မည်ဆိုသည်မှာကောင်းမွန်သော အစီအစဉ်ဖြစ်ပြီး ရောင်းသူနှင့်ဝယ်ယူစားသုံးသူတို့မှာလည်း စနစ်တကျဖြင့်စည်းကမ်းရှိရန်လိုအပ်လှသည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"
ညဈေးတန်းရှိရင်တော့ ပိုကောင်းတာပေါ့။အခြေခံလူတန်းစားတွေအတွက် အဆင်ပြေသွားမယ်။ ပျံကျဈေးသည်တွေအတွက်လည်း ပိုအဆင်ပြေတယ်။ အဓိကတော့ ရောင်းသူနဲ့စားသုံးသူတွေမှာသန့်ရှင်းရေးနဲ့ အမှိုက်သေချာပစ်မယ့် စည်းကမ်းရှိဖို့တော့ လိုပါမယ်။ နောက်တစ်ခုကလုံခြုံမှုရှိဖို့အတွက် ဆိုင်ရာဆိုင်ရာကအာဏာရှိသူတွေ သေချာစောင့်ကြပ်ပေးဖို့လည်း လိုတယ်။ကြိုဆိုပါတယ်။ စစ်တွေမှာက ညဈေးတန်းတစ်ခု ရှိသင့်တယ်။ လိုလည်းလိုအပ်နေတာလေ" ဟုပြောသည်။

 

ယင်းညဈေးတန်းတွင် ဆိုင်ကယ်၊ ကားစသည့်ယာဉ်များရပ်နားရန်အတွက်လည်း နေရာများစီစဉ်ပြုလုပ်ပေးထားမည်ဖြစ်ပြီးနေရာကျဉ်းကျပ်ပါကာ အကောက်ခွန်ရုံးနားအထိတိုးချဲ့နေရာချဖွင့်လှစ်ပေးသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိ၇သည်။

 

စစ်တွေကမ်းနားလမ်းတွင် အသုပ်ဆိုင်ရောင်းနေသည့် ဒေါ်မအေးဆန်းက"ညဈေးတန်းလုပ်ပေးမယ်ဆိုတော့ ကောင်းတာပေါ့။မဟုတ်ရင် ကျွန်မတို့က ပြောင်းရရွေ့ရနဲ့အဆင်မပြေတာတွေရှိတာ။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အခုလို တရားဝင်ညဈေးတန်းလုပ်ပေးမယ်ဆိုတော့ကျွန်မတို့လို ပျံကျဈေးသူတွေအဖို့ အဆင်ပြေမယ်လို့တော့ မျှော်လင့်၇တာပါပဲ" ဟုပြောသည်။

စစ်တွေတွင် ၁၉၆၂ ခုနှစ်မတိုင်ခင်အထိ ယခုလက်ရှိလမ်းမကြီးအနီးတဝိုက်တွင် ညဈေးတန်းတစ်ခုရှိခဲ့ဖူးသည်ဟုလည်း စစ်တွေမှရှေ့မီနောက်မီလူကြီးများက ပြောကြသည်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.