ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ဒုက္ခသည်များပြန်လည်လက်ခံရာတွင် ယခုနှစ်အတွင်း လူဦးရေ ၇၀၀၀ခန့်လက်ခံသွားမည်ဟု စစ်ကောင်စီ၏အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်ကပြောသည်။
"စခါစမှာတော့ PilotProject အနေနဲ့ နည်းနည်းလက်ခံပြီးတော့ တွေ့ကြုံရမယ့်စိန်ခေါ်မှုတွေကိုလုပ်သွားရင်း၊ လုပ်သွားရင်းနဲ့ ပိုကောင်းသည်ထက်ကောင်းအောင်လုပ်သွားမယ်။ကူမင်းသဘောတူညီချက်အရ ဒီနှစ်အတွင်း လူ ၇၀၀၀ကိုလက်ခံဖို့ရှိပါတယ်။လက်ခံနိုင်ဖို့အတွက်ကို အတတ်နိုင်ဆုံး၊အကောင်းဆုံးကြိုးစားသွားပါမယ်" ဟု ပြောသည်။
ပြန်လည်ဝင်ရောက်လာမည့်ဒုက္ခသည်များအတွက်မောင်တောဒေသတွင် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်ထားသည်များကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊သီရိလင်္ကာအပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံသံရုံး ၁၆ ခုမှအကြီးအကဲများနှင့် သံတမန်များကိုစစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ဦးဆောင်သည့်အဖွဲ့ကပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်တွင် သွားရောက်ပြသခဲ့သည်။
အဆိုပါခရီးစဉ်နှင့်စပ်လျဉ်း၍စစ်ကောင်စီ၏ ယနေ့ စက်တင်ဘာလ ၅ ရက်ထုတ်သတင်းစာထဲတွင်အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်ကယခုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်လာမည့် ဒုက္ခသည်များအား လုံခြုံရေးအ၇ စိစစ်မှု၊ လူဝင်မှုကြီးကြပ်ရေးမှ စိစစ်ပြီး e-IDစိစစ်မှုပြီးပါက နိုင်ငံသားဖြစ်မှုစိစစ်ကတ်များထုတ်ပေးသွားမည်ဟုရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းရပ်များညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကယနေ့ထုတ် စစ်ကောင်ပိုင်သတင်းစာများတွင် ပြောဆိုသည်။
အဆိုပါဝင်ရောက်လာသူများအား၄င်းတို့ဝင်ရောက်လာသည့် ပြန်လည်လက်ခံရေးစခန်းများတွင်ယာယီထားပြီး လူစုမိပါကလှဖိုးခေါင်ကြားစခန်းတွင်ထားမည်ဟု သိ၇သည်။
ကြားစခန်းတွင် ရက်သတ္တပတ်သို့တစ်လ၊ နှစ်လကြာနိုင်ပြီးနောက် အမြဲတမ်းအခြေချမည့်နေရာများသို့ပြောင်းရွှေ့၇မည်ဟု ဦးကိုကိုလှိုင်က ပြောသည်။
"ဒီကြားစခန်းမှာနေပြီးရင်အမြဲတမ်းအခြေချမယ့်နေရာကို သူတို့ကပြောင်းရွှေ့ကြရမယ်။အမြဲတမ်းအခြေချမယ့်နေရာမှာဆိုရင်လည်း သူတို့အတွက် အခုလောလောဆယ်မှာ ရွာပေါင်း ၂၀လောက်ကို ၂၅ ပေ၊ ပေ ၆၀ အကွက်ရိုက်ရှင်းလင်းပေးထားတာရှိပါတယ်။ ဒါတွေကတော့ရွာသစ်လေးတွေဖြစ်လာပါမယ်။ ဒီရွာသစ်တွေကိုလည်းမူလနေထိုင်တဲ့ရွာအဟောင်းတွေနဲ့နီးစပ်တဲ့ နေရာတွေမှာပြန်ချပေးမယ့်အနေအထားရှိပါတယ်" ဟု ပြောသည်။
ပြန်ဝင်လာမည့် ဒုက္ခသည်များကို စစ်ကောင်စီဘက်က ၃လစာစားရေးသောက်ရေးထောက်ပံ့ပေးမည်ဖြစ်ပြီး ယင်းကာလကျော်လွန်ပါကမိမိကိုယ်တိုင်ရပ်တည်၇မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဆက်ပြောသည်။
"ငါးဖမ်းတဲ့လူတွေအတွက်ဆို ငါးဖမ်းကိရိယာတွေ၊ လှေတို့၊ပိုက်တို့၊ စိုက်ပျိုးမယ့်လူတွေဆိုရင် မျိုးစေ့၊ မြေဩဇာ၊ ထွန်၊ ထယ်၊ လယ်ထွန်စက်၊ ရေစုပ်စက်စသဖြင့် ဒါမျိုးတွေကိုလည်းကျွန်တော်တို့ကပံ့ပိုးပေး၇မယ်။ လောလောဆယ် သုံးလတာလောက်စားဖို့သောက်ဖို့အတွက် ပံ့ပိုးနိုင်တယ်။အဲဒါပြီးရင်တော့ ကိုယ့်ဘာသာကိုယ် ရပ်တည်၇မယ်" ဟု ပြောသည်။
စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များအားမြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရေးဆောင်ရွက်နေမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် တစ်စုံတရာဆွေးနွေးမှုမရှိဘဲ လုပ်ဆောင်နေပါကအောင်မြင်မှုရရှိနိုင်မည်မဟုတ်ဟု လေ့လာသူများက သုံးသပ်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့၇သည့်ဒုက္ခသည်များကို ပြန်လည်လက်ခံနိုင်ရေးအတွက်စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။