တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တံတားပေါ်ကပြုတ်ကျသည့် (၅)နှစ်အရွယ် သားဖြစ်သူကို မိခင်ကကယ်တင်ရာမှ မွတ်ဆလင် သားမိနှစ်ဦးစလုံးသေဆုံး


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 782

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တံတားပေါ်ကပြုတ်ကျသွားသည့် (၅)နှစ်အရွယ် သားဖြစ်သူကို မိခင်ကကယ်တင်ရာမှ မွတ်ဆလင် သားမိနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ရေနစ်သေဆုံးသွားသူများမှာ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်မှ ဖြစ်သည်ဟု သိရသည်။

စက်တင်ဘာလ ၅ ရက်၊ နေ့လယ် ၂ နာရီတွင် သူတို့နှစ်ဦးအပါအဝင် သားမိ သုံးဦးသည် ရွာသစ်ကေရပ်ကွက်မှ မောင်တောမြို့နယ်၊ ပန်းတောပြင် ကျေးရွာသို့သွားရောက်စဉ် ပန်းတောပြင်ကျေးရွာ ချောင်းကူးတံတားပေါ်မှ ပြုတ်ကျသွားခဲ့သည်ဟု သိရသည်။

အသက်(၅)နှစ် သားအငယ်ဖြစ်သူပြုတ်ကျသွားသည်ကို မိခင်ဖြစ်သူက ဆင်းကယ်ရာ သားအမိ(၂)ဦးလုံး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


သားမိနှစ်ဦး ပြုတ်ကျပျောက်ဆုံးသွားသည်ကို မောင်တောခရိုင်မီးသတ်ဦးစီးမှူး ဦးခိုင်ဇော်ဟိန်း ဦးဆောင်၍ ရှာကယ်တပ်ဖွဲ့ဝင်(၃+၇)ဦး၊ ဂရုဏာကွန်ရက်ပရဟိတအသင်းနှင့် ကျေးရွာသားများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

သားအမိနှစ်ဦးလုံး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိဆယ်ယူပေးနိုင်ခဲ့ပြီး ဂရုဏာကွန်ရက်ပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် မောင်တောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လတို့အတွင်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၃ ဦးအထိ ရှိခဲ့သည်ဟု နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။



ယင်းအထဲတွင် သြဂုတ်လအတွင်း ရေနစ်သေဆုံးသူ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ ဦးရှိခဲ့ပြီး ဇူလိုင်လအတွင်းတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦး၊ နှစ်လအတွင်း စုစုပေါင်း ၃၃ ဦးတို့ဖြစ်သည်။

အဆိုပါရေနစ်သေဆုံးသူများမှာ အသက်(၅)နှစ်မှ (၅)နှစ်အထက် ကလေးငယ်များ၊ သက်လတ်ပိုင်းအရွယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။

Photo - Rakhine Fire Force

ဆက်စပ် သတင်းများ