ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သောမိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရေလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းတို့အတွက်စစ်ကောင်စီကချေးငွေများထုတ်ပေးမည်ဟုကတိပြုထားသော်လည်း ၎င်းကတိမှာ လက်တွေ့ အကောင်ထည်ဖော်မှုမရှိဘဲလေထဲတွင် ပျောက်နေသည်ဟု ရခိုင်လုပ်ငန်းရှင်များက ပြောသည်။
ပေါက်တောမြို့နယ်မှ ပုဇွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက "ချေးငွေထုတ်ပေးမယ့် ကိစ္စကိုတော့လွန်ခဲ့တဲ့ တစ်လ လောက်က စာရင်းကောက်ထားတယ်။ထူးခြားမှုမရှိသေးဘူး။ သူတို့ပြောတာက လူကြီးတွေအလုပ်များနေသေးလို့ပြောပါတယ်။ဘယ်လိုပုံစံနဲ့ ဘယ်လောက်ချေးမလဲဆိုတာလည်းမသိရသေးပါဘူး။ မွေးမြူရေးဆိုရင် ပုစွန်၊ ကြက်၊ ဝက်၊ ဘဲ၊နွားအကုန်လုံးပါပါတယ်"ဟု ပြောသည်။
မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုများခဲ့သည့် ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် မွေးမြူရေးလုပ်ကိုင်သူများ အတွက်စစ်ကောင်စီဘက်က လုပ်ငန်းများပြန်လည် ဦးမော့လာစေရန်အတွက် စစ်ကောင်စီဘက်ကထုတ်ပေးမည့်ချေးငွေကို မျှော်လင့်နေ၇သည်ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကစစ်ကောင်စီပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရခိုင်ကရေလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းရှင်တို့ စစ်တွေမြို့တွင်တွေ့ဆုံစဉ် စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးမည်ဟုကတိပေးခဲ့ကြောင်း သိ၇သည်။
သို့သော် ၃ လခန့်ကြာမြင့်လာသော်လည်း ချေးငွေများ ယခုထိမရရှိကြသေးဟု ဆိုကြသည်။
မုန်တိုင်းသင့် ရသေ့တောင်မြို့နယ်မှလယ်ယာလုပ်ငန်းလုပ်သူများနှင့် ရေလုပ်ငန်း လုပ်သူများအနေဖြင့်လည်းပြန်လည်ထူထောင်ရန်အခက်ခဲရှိသောကြောင့် အစိုး၇ဘက်က ချေးငွေထုတ်ပေးပါက ပြန်လည်ထူထောင်ရန် ခက်ခဲနေသောလုပ်ငန်းများအဆင်ပြေနိုင်သည်ဟု ဒေသအတွင်းက ဆရာတော်တစ်ပါးက မိန့်ကြားသည်။
"ဆရာတော်တို့ရွာကတချို့တစ်ဝက်က ပင်လယ်ကိုမှီလုပ်စားတာရှိတယ်။ ဘုတ်(ငါးဖမ်းစက်လှေ) တွေ စက်လှေငယ်အသေးလေးတွေနဲ့ပိုက်တွေဘာတွေထောင်ပြီးတော့။ အကြွေးတွေယူပြီး လုပ်စားကြ၇တာ။ အဲ့ဒါတွေအကုန်လုံး မုန်တိုင်းနဲ့ပါသွားပြီဆိုတော့ဒီနှစ်ပွင့်လင်းရာသီရောက်ရင် ရွာသားတွေတော်တော်အခက်ခဲရှိနိုင်တယ်။လုပ်စားစရာလည်း မရှိတော့ဘူး။ ရေလုပ်ငန်းတွေ၊စိုက်ပျိုးရေးတွေအတွက် ချေးငွေအထောက်အပံတွေထုတ်ပေးရင်ပြန်လည်ဦးမော့နိုင်မယ်လို့တော့ထင်တယ်" ဟု မိန့်သည်။
၇ခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုပြည်နယ်မှူးဦးအောင်တင်စောကမူ ချေးငွေထုတ်ပေးမည့် ကိစ္စကို ပြည်နယ်အစိုးရဆီတင်ထားဆဲဖြစ်သည်ဟု နိရဥ္စရာကိုပြောသည်။
"အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ကျနော်တို့သေချာမသိ၇သေးပါဘူး။ချေးငွေကတော့ တင်ပေးထားတယ်လို့ ကြားပါတယ်။ ခွင့်ပြုချက်တော့ မ၇သေးဘူးပြောတယ်။ဘယ်အချိန်ထုတ်ပေးမယ်ဆိုတာ ပြည်နယ်အစိုး၇ဆီမှာပဲတင်ပေးထားတယ်" ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့်စိုက်ပျိုးရေးလယ်ယာလုပ်ငန်းများအပါအဝင် ရေလုပ်ငန်းများနှင့်မွေးမြူရေးလုပ်ငန်းများလည်း အများအပြားပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိ၇သည်။
Photo - Ko Myo Lwin