သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 464

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပ

(၈၄) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ရခိုင့်အာဇာနည် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးဥတ္တမနေ့ကို ယမန်နေ့စက်တင်ဘာ ၁၀ ရက်၊ ဒေသစံချိန်တော်ချိန် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Takadanobaba, Recycling, Activity, Center 2F ၌ ဂျပန်နိုင်ငံရှိ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Arakan National Democratic Party-Japan)က ဦးဆောင်ကျင်းပခဲ့သည်ဟု ANDP ၏ အကြံပေးနှင့်ပြောရေးဆိုခွင့်ရှိသူ ကိုဘုန်းမြင့်က နိရဉ္စရာကို ပြောသည်။

"ဆရာတော် ဦးဥတ္တမနေ့ကို ယခုလို ကျင်းပခြင်းက သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်းဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသရာလည်း ရောက်ပါတယ်။ ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ် နိုးထလာပြီး ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးမှာ တတ်အား သလောက် ပါဝင်လာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါတယ်”ဟု ပြောသည်။

အခမ်းအနားတွင် အာရက္ခနိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုဖွင့်လှစ်ပြီး ရခိုင်နိုင်ငံလွတ်လပ်ရေးအတွက် အသက်သွေး၊ ချွဲပေးဆပ်ခဲ့ကြသည့် ရဟန်းရှင် လူပုဂ္ဂိုလ်များအား ဂါရဝပြု ဆုတောင်းမေတ္တာပို့သခြင်း၊ANDP-Japan က လွမ်းသူပန်းခွေဖြင့် ဂါရဝပြုခြင်း၊ ညီညွတ်သောတိုင်းရင်းသားအဖွဲ့အစည်း (AUN-Japan)လွမ်းသူပန်းခြင်းဖြင့်ဂုဏ်ပြု ဂါရဝပြုခြင်း၊ နွေဦးတော်လှန်ရေး အင်အားစုများ(ဂျပန်)က လွမ်းသူ့ပန်းခြင်းဖြင့် ဂုဏ်ပြုဂါရဝပြုခြင်းများနှင့် တက်ရောက်လာကြသည့် ဂျပန်ရောက် ဆရာတော်သံဃာတော်များ၊ ရခိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုအသီးသီးများမှခေါင်းဆောင်များက ဆရာတော်အား ဂုဏ်ပြုစကားများဖြင့် ဟောပြောချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို လူပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။




ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် စစ်တွေမြို့၊ ရူပရပ်၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ငယ်နာမည် ပေါ်ထွန်းအောင်ဖြစ်ပြီး (၁၆) နှစ်သားအရွယ်တွင် ရှင်သာမဏေ ဝတ်ကာ ရှင်ဥတ္တမဟု ဘွဲ့အမည်တွင်ခဲ့သည်။

ဆရာတော်သည် အင်္ဂလိပ်ကိုလိုနီလက်ထက်က မြန်မာပြည်လွတ်လပ်ရေး အသိရှိလာအောင် လွတ်လပ်ရေးမျိုးစေ့ကိုချပေးခဲ့သူဖြစ်သည်။

အမျိုးသားနိုင်ငံရေး စည်းရုံး ဟောပြောမှုများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဝရမ်းအကြိမ်ကြိမ်အထုတ်ခံခဲ့ရပြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဝံသာနုရက္ခိတတရား ဟောပြောနေစဉ် အဖမ်းခံခဲ့ရသည်။

ဆရာတော်သည် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသည့် ရဟန်းတော်ဖြစ်သည်။

အကြိမ်အကြိမ် ဖမ်းဆီးခံခဲ့ရသော်လည်း မြန်မာပြည်လွတ်လပ်ရေးအတွက် ဝံသာနု ရက္ခိတတရားများကို လှည့်လည် ဟောပြောခဲ့သည့် အာဇာနည် ပုဂ္ဂိုလ်ဖြစ်သည်။

ဆရာတော်သည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၃ဝ ခန့်သို့ လှည့်လည်ရောက်ရှိခဲ့သူ ဖြစ်ပြီး အင်္ဂလိပ်၊ အီတလီ၊ ပြင်သစ်၊ ပါဠိ၊ သက္ကဋ၊ တိဗက်၊ ဟိန္ဒူ၊ ဂျပန်၊ နာဂရီနှင့် ဘင်္ဂလီစသော ဘာသာစကား (၁ဝ) မျိုးခန့်ကို ကျွမ်း ကျင်စွာပြောဆိုတတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်။

၁၉၂ဝ ပြည့်နှစ်တွင် ကာလကတ္တားမြို့ရှိ၊ အမျိုးသားတက္ကသိုလ်တွင် အဘိဓမ္မာပါမောက္ခ၊ ၁၉၃၅ ခုနှစ် တွင် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာဆဗ္ဗအသင်း ဥက္ကဋ္ဌ၊ ၁၉ဝရ-၁၉ဝ၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျို ဗုဒ္ဓတက္ကသိုလ်၏ အဘိဓမ္မာပါမောက္ခ စသော အထင်ကရတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ဆရာတော် ဦးဥတ္တမသည် လုံးချင်းစာအုပ် ၁၄ အုပ်ကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်သည်။

ဆရာတော်သည် လောကီ၊ လောကုတ္တရာနှစ်ဖြာကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်ရင်း ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက အသိအမှတ်ပြုကာ အောက်မေ့ဖွယ် အခမ်းအနားများလည်း နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။

ဆက်စပ် သတင်းများ