Preview

စက်လှေနစ်မြုပ်ပြီးပျောက်ဆုံးနေသည့် လှေပိုင်ရှင်နှင့်လုပ်သားနှစ်ဦးကို ပင်လယ်ပြင်ထဲမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

စက်တင်ဘာ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :1384
ရခိုင် သတင်း

(စက်လှေပေါ်မှပထမဆုံးပြုတ်ကျပျောက်ဆုံးသည့် ရေလုပ်သားရှာမတွေ့သေး)

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ငပလီမြို့၊ဂျိတ္တောရပ်ကွက်မှ စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေသည့် လှေပိုင်ရှင်နှင့် လုပ်သား ၂ ဦးတို့ကို ပင်လယ်ပြင်ထဲမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့အသက်ရှင်လျက်ကယ်ဆယ်ရရှိခဲ့သူများမှာ ဂျိတ္တောအမှတ်(၆)ရပ်ကွက်မှ လှေပိုင်ရှင် ဦးဝင်းထွန်း၊ လှေလုပ်သားများဖြစ်သည့် ဦးကျော်စိုးမင်း(၄၁)နှစ်၊ ကိုသန်းလွင်ဦး(၂၂)နှစ်တို့ သုံးဦးတို့ ဖြစ်ကြောင်းသိ၇သည်။

၄င်းတို့သုံးဦးသည် ယမန်နေ့စက်တင်ဘာလ ၁၂ ရက်၊မနက် ၃ နာရီခွဲလောက်က ဂွမြို့နယ်ဆပ်သွား အုပ်စုထဲမှ ကြွေချိုင်ကမ်းခြေနှင့် ၆ မိုင်ခန့်အကွာပင်လယ်ထဲတွင် စက်လှေနစ်မြုပ်ပြီး ပင်လယ်ထဲမျောပါပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ယနေ့စက်တင်ဘာလ ၁၃ ရက်၊ မနက် ၉ နာရီလောက်က ငပလီကမ်းခြေအနီးပင်လယ်ပြင်ထဲတွင် ရေခဲပုံးအခွံများကိုဖက်တွယ်ပြီး မျောပါနေသည့် ၄င်းတို့သုံးဦးအား ဂျိတ္တောမှငါးဖမ်းစက်လှေတစင်းက တွေ့ရှိခဲ့ပြီး အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

" ဒီနေ့မနက်က တန်းလှေတစ်စင်နဲ့တွေ့ပြီး သူတို့ကို ကယ်နိုင်ခဲ့ပါတယ်။ အားလုံးစိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး။ရေခဲပုံးအခွံတွေကိုဖက်ပြီး ပင်လယ်ထဲမျောနေတာဆိုတော့ လှိုင်းဒဏ်နဲ့ လက်တွေပွန်းပဲ့တာတွေတော့ရှိပါတယ်" ဟု စက်လှေပိုင်ရှင်ဦးဝင်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်အေးချေက နိရဥ္စရာသို့ပြောသည်။

ယမန်နေ့ မနက် ၃ နာရီခွဲအချိန်က ၄င်းတို့စီးနင်းလာသည့် စက်လှေမှာ ကြွေချိုင်ကမ်းခြေနှင့် ၆ မိုင်ခန့် အကွာပင်လယ်ပြင်တွင် ရေတဖြည်းဖြည်းဝင်ကာနစ်မြုပ်သွားခဲ့ကြောင်း အသက်ဘေးမှ လွတ်မြောက်လာခဲ့သည့် လှေပိုင်ရှင်ဦးဝင်းထွန်းက နိရဉ္စရာသို့ပြောသည်။


စက်လှေစ၍နစ်မြုပ်သည်နှင့် လှေပေါ်တွင်ပါလာသည့် ရေခဲပုံးအဖုံး ၆ ခုကိုပူးတွဲချည်နှောင်ပြီး ပင်လယ်ပြင်ထဲ နစ်မြုပ်မသွားရအောင်ဖက်တွယ်ထားခဲ့ရကြောင်း၊ ယင်းသို့ပင်လယ်ထဲတစ်ရက်နှင့် တစ်ညဥ့်မျောနေပြီးမှ ယနေ့မနက်ပိုင်းတွင် စက်လှေတစင်းနှင့်တွေ့၍ အော်ဟစ်အကူညီတောင်းရာ အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းထွန်းကပြောသည်။

" စက်လှေနစ်ပြီဆိုတာနဲ့ လှေပေါ်ပါတဲ့ရေခဲပုံးအဖုံး ၆ ခုကိုယူပြီးတော့ မြုပ်မသွားရအောင်အဲဒါတွေကို ကိုင်ထားရပါတယ်။ ကျွန်တော်တို့တစ်ညဥ့်နဲ့တစ်ရက်ထိ အဲဒီလို မျောနေခဲ့ရတယ်။ ဒီနေ့မနက် စက်လှေတစင်းနဲ့တွေ့ပြီးအကူညီတောင်းတဲ့အခါ ကယ်ဆယ်လို့အသက်ဘေးကလွတ်ခဲ့၇တာပါ"ဟု သူကပြောသည်။

အဆိုပါနစ်မြုပ်ခဲ့သည့်စက်လှေသည် လက်ရှိအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည့် လှေပိုင်ရှင် ဦးဝင်းထွန်းနှင့် လှေလုပ်သား ဦးကျော်စိုးမင်း(၄၁)နှစ်၊ ကိုသန်းလွင်ဦး(၂၂)နှစ်နှင့် နောက်ထပ်လုပ်သား တစ်ဦးဖြစ်သည့် ဦးလှသန်း(ခ)ကိုထားဝယ် တို့ဖြင့် စက်တင်ဘာလ ၉ ရက်ခန့်ကပင်လယ်ပြင်သို့ ပိုက်ဆွဲရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်းသိ၇သည်။

ယင်းအထဲမှ လှေလုပ်သား ဦးလှသန်း(ခ)ကိုထားဝယ်မှာ စက်တင်ဘာလ ၁၁ ရက်၊ မနက် ၈ နာရီခန့်က ကြွေချိုင်ကမ်းခြေပင်လယ်ပြင်တွင် လှေပေါ်မှသတိလစ်(တက်)ပြုတ်ကျပျောက်ဆုံးနေပြီး ယနေ့အထိရှာမတွေ့သေးကြောင်း မိသားစုဝင်များကပြောသည်။(NN-23)

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.