တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်မှ ကြက်မွေးမြူရေးလုပ်ငန်း ၄ လကြာသည်အထိ နာလံမထူနိုင်သေး


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

(စစ်ကောင်စီက ချေးငွေထုတ်ချေးပေးမည်ဟု ကတိပြုထားသော်လည်း လက်တွေ့တွင် ထုတ်ချေးပေးခြင်းမရှိ)

မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်မှ ကြက်မွေးမြူရေးလုပ်ငန်းအများစုမှာ မုန်တိုင်းတိုက်ပြီးသည်မှာ ၄ လကြာသည်အထိ နာလံမထူနိုင်ကြသေးကြောင်း သိရသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦးစသည့်မြို့နယ်တို့တွင် အသားစားနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို တနိုင်တပိုင်လုပ်ကိုင်ကြသူများရှိသလို စီးပွားဖြစ်မွေးမြူကြသူများလည်းရှိသည်။

ယင်းသို့မွေးမြူကြရာတွင် မိုခါမုန်တိုင်းကြောင့် အပျက်အစီးများခဲ့သည့်အတွက် ဆက်လက်လုပ်ကိုင်ရန် ငွေကြေးအရင်းအနှီး အခက်အခဲဖြစ်နေသည်ဟု စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာမှ စီးပွားဖြစ်မွေးမြူသူ ကြက်ခြံပိုင်ရှင် ဦးသိန်းဝေက နိရဥ္စရာကို ပြောသည်။

"ကျနော့်မှာ ကြက်ခြံသုံးခြံရှိပါတယ်။ ကြက်ခြံတစ်ခြံကို သိန်း ၂၀၀ ကျော်လောက် ဆုံးရှုံးပါတယ်။ ပြန်ထူတောင်နိုင်ဖို့ ငွေမလိုက်နိုင်တော့ အခု မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှာ ချေးငွေတင်ထားပါတယ်။ မကျလာသေးလို့ပါ"ဟု ပြောသည်။



မွေးမြူထားသည့်ကြက်များနှင့် ကြက်သားပေါက်များလည်း မိုခါမုန်တိုင်းကြောင့် သေဆုံးပျောက်ဆုံး ကုန်၍ ငွေကြေးအရင်းအနှီးမရှိဖြစ်ကာ လက်ရှိအချိန်ထိ ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိသေးဟုလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ တနိုင်တပိုင်ကြက်မွေးမြူသူ ကိုအောင်ဆန်းက နိရဥ္စရာကို ပြောသည်။

"ကြက်အကောင်ရေ ၃၀၀၀ လောက်မွေးပါတယ်။ မိုခါနဲ့ တစ်ကောင်မှ မကျန်တော့ဘူး။ ခြံလည်း ပြိုသွားပါတယ်။ အခုထိ ဘာမှ မလုပ်နိုင်တော့ဘူး။ ရင်းစရာ ပိုက်ဆံလည်းမရှိတော့ဘူး" ဟုပြောသည်။

ကြက်မွေးမြူကြရာတွင် ကြက်သားပေါက်များကို ရန်ကုန်မှတဆင့် မှာယူရပြီး လက်ရှိတွင် လမ်းစရိတ်၊ အလုပ်သမားငှားရမ်းခများနှင့် ကြက်များကို ကျွေးမွေးသည့် အစာများနှင့် ဆေးဝါးများလည်း အဆမတန်မြင့်မားနေ၍ မွေးမြူရေးလုပ်ကိုင်ရန် အခက်တွေ့နေရသည်ဟု ဆိုကြသည်။

ရခိုင်ရှိ မုန်တိုင်းသင့်မြို့နယ်များရှိ ကြက်၊ ဝက်၊ ဘဲ၊ ကျွဲ၊ နွား မွေးမြူသူများအနေဖြင့် တစ်ဦးလျှင် အများဆုံး ကျပ်သိန်း ၁၅ဝ ခန့်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် လျှောက်ထားချေးယူ နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောဆိုထားသည်။

ဇူလိုင်လ ၁၂ ရက်က ရခိုင်ပြည်နယ်စစ်ကောင်စီရုံးအစည်းအဝေးခန်းမ၌ပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အတိုးနှုန်းကိုတိတိကျကျပြောဆိုသွားခြင်းမရှိဘဲ အတိုးနှုန်းနည်းနည်းဖြင့်ချေးမည်ဟုသာပြောဆိုခဲ့ပြီး သတ်မှတ်ချိန်တွင် ပြန်လည်ပေးဆပ်ကြရန်လည်း တိုက်တွန်းသွားခဲ့သည်ဟု ဆိုသည်။

သို့သော် ချေးငွေရယူလိုသူများကို လက်ရှိအချိန်ထိ ချေးငွေများ ထုတ်ချေးမပေးသေးဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်မိုခါမုန်တိုင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များမှာ မွေးမြူရေးခြံများပျက်စီးခဲ့ရပြီး မွေးမြူထားသည့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲစသည်တို့မှာ အသေအပျောက်များစွားရှိခဲ့သည်ဟု သိရသည်။ (NN - 10)

ဓာတ်ပုံ - မိုခါကြောင့်ပြိုကျပျက်စီးသွားသည့် ကြက်ခြံတစ်ခုကို ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ