တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ထောင်ဒဏ်နှစ်(၄၀)ကျော် ချမှတ်ခံထားရသည့် ရခိုင်အမျိုးသမီးတစ်ဦးပါသုံးဦး မူးယစ်ဆေးဝါးမှုနှင့် ထပ်မံတရားစွဲခံနေရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 909

ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်၍ အကြမ်းဖက်မှုပုဒ်မအပါအဝင် ပုဒ်မ(၅)ခုဖြင့် ထောင်ဒဏ်နှစ် ၄၀ ကျော် ချမှတ်ခံထားရသည့် ရခိုင်အမျိုးသမီးတစ်ဦးသည် သူ၏အမျိုးသားနှင့် မောင်ဖြစ်သူတို့နှင့်အတူ နောက်ထပ် မူးယစ်ဆေးဝါးမှုပုဒ်မဖြင့် ထပ်မံ တရားစွဲဆိုခြင်းကိုခံနေရကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းသို့ထပ်မံတရားစွဲခံရသူမှာ ထောင်ဒဏ်နှစ် (၄၀)ချမှတ်ခံထားရသည့်မခိုင်ခိုင်စံ(၃၇)နှစ်၊ ထောင်ဒဏ်နှစ် (၃၀)ချမှတ်ခံထားရသည့် သူမ၏အမျိုးသား ကိုမောင်ဘုနှင့် မောင်ဖြစ်သူ ကိုနိုင်နိုင်ထွန်း(၃၀)နှစ်ကျော်တို့ ဖြစ်ကြသည်။

၄င်းတို့သည် အင်းစိန်ထောင်တွင်နှစ်ရှည်ထောင်ဒဏ်ကျခံနေရစဉ် မင်းပြားမြို့၊ ရာမောင်စစ်ဆေးရေး ဂိတ်တွင် လေးဝတီကားပေါ်မှ ဖမ်းဆီးရမိခဲ့သည့်မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ဆက်စပ်မှု ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးပုဒ်မ ၁၉(က)ဖြင့် ထပ်မံတရားစွဲခံရခြင်းဖြစ်ကြောင်း မခိုင်ခိုင်စံ၏ မိခင်ဖြစ်သူက ဒေါ်မအေးကြိုင်က နိရဥ္စရာသို့ ပြောသည်။

ယင်းသို့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှ မြောက်ဦးအချုပ်ခန်းသို့ ယခုနှစ် ဧပြီလတွင် ပြောင်းရွှေ့ခဲ့ပြီး လက်ရှိတွင် မူးယစ်ဆေးဝါးမှုအတွက် တရားရင်ဆိုင်နေရကြောင်း သူမက ပြောသည်။

"ထောင်ကျခံနေရပြီးမှ မူးယစ်ဆေးဝါးမှုနဲ့ထပ်စွဲထားတာပါ။ မင်းပြားရာမောင်ဂိတ်မှာ မူးယစ်ဆေးဝါးဖမ်းမိတဲ့ကိစ္စနဲ့ ဆက်စပ်တယ်ဆိုပြီး စွဲတာလို့ပြောပါတယ်။ ရုံးချိန်းတွေလည်း မနည်းဖြစ်နေပါပြီ။ အခုထိ ဘာမှ ဆုံးဖြတ်ချက် မချသေးဘူး" ဟု ပြောသည်။

မခိုင်ခိုင်စံသည် ၄င်း၏အမျိုးသား၊ မောင်ဖြစ်သူတို့နှင့်အတူ ပြီးခဲ့သည့်၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

ယင်းနောက် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)နှင့် အလုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်၊ မူးယစ်ဆေးဝါးမှုပုဒ်မ ၁၉(က)အတွက် အင်းစိန်မြို့နယ်တရားရုံးက ထောင်ဒဏ်နှစ် (၂၀)၊ ငွေကြေးခဝါချမှု ဥပဒေပုဒ်မ ၄၃ အတွက် တောင်ဒဂုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်နှင့် မူးယစ်ဆေးဝါးမှု ၁၉(က)ဖြင့် သာကေတမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်အသီးသီးချမှတ်ခံခဲ့ရကြောင်း သိရသည်။

"၂၀၁၉ က တောင်ဒဂုံမှာဖမ်းခံရတာပါ။ ပြီးတော့ ထောင်ဒဏ်အမိန့်ချခံရပြီးတော့ ထောင်ကျခံနေရတာပါ။ မင်းပြားမှာ မူးယစ်ဆေးဝါးဖမ်းမိတဲ့အမှုက ဘယ်တုန်းကလဲဆိုတာတော့ မသိပါဘူး " ဟု မခိုင်ခိုင်စံ၏မိခင် ဒေါ်မအေးကြိုင်ကပြောသည်။

မခိုင်ခိုင်စံနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့်အမျိုးသားဖြစ်သူမှာလည်း အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(ည) အတွက် အလုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်၊ မူးယစ်ဆေးဝါးပုဒ်မ ၁၉(က)အတွက် အင်းစိန်မြို့နယ်တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အလားတူ မခိုင်ခိုင်စံ၏မောင်ဖြစ်သူ ကိုနိုင်နိုင်ထွန်းသည်လည်း မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က)ဖြင့် အင်းစိန်မြို့နယ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

မခိုင်ခိုင်စံအား အမ်းမြို့နယ်မှ မူးယစ်ဆေးဝါးမှုအတွက်လည်း တရားစွဲဆိုရန်ရှိနေသည်ဟု ကြားသိရကြောင်း ၄င်းက ဆက်ပြောသည်။

"အမ်းကစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဖမ်းမိတဲ့အမှုနဲ့လည်း ထပ်စွဲဦးမယ်လို့ကြားပါတယ်" ဟု ပြောသည်။

မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က)သည် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန် အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊တဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့အကျုံးဝင်ပြီး ကျူးလွန်သူကို ထောင်ဒဏ်အနည်းဆုံး (၁၀) နှစ်မှ အများဆုံးနှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။ (NN-23)


ဓာတ်ပုံ - မခိုင်ခိုင်စံနှင့် သူမ၏အမျိုးသားကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!