ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ကိုဇော်ဝင်းနှင့် အတူ တရားစွဲခံထားရသည့် ကျောက်တော်ဒေသခံ ၂ ဦး ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 758

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှလူထုဦးဇော်ဝင်းနှင့် အတူ  ပုဒ်မ ၅၀၅-က ဖြင့်  တရားစွဲဆိုခံထားရသူ ၂ဦးကို ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခံလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။

ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံလိုက်ရသူများမှာ ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ် ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်နှင့် ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင်တို့ဖြစ်ကြသည်။

သူတို့သည် ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ကျောက်တော်မြို့နယ်တရားရုံးက ထောင်ဒဏ်အမိန့်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ကိုဇော်မိုးထက်၏ဖခင်ဖြစ်သူက ပြောသည်။

"ဒီနေ့မှာ အမိန့်ချလိုက်တာ။ ပြစ်မှုကျူးလွန်တယ်။ ၅၀၅-ကနဲ့ ပြစ်မှုငြိစွန်းတဲ့အတွက်လို့ ပြောတယ်" ဟုပြောသည်။

သူတို့နှစ်ဦးမှာ ချုပ်ရက်ကို ခံစားခွင့်ရှိပြီး ချုပ်ရက်မှာ ၁ နှစ်နှင့် ၄ လ ရှိသွားပြီဖြစ်၍ ထောင်ဒဏ် ကျခံရမည်မှာ ၈ လသာကျန်တော့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ကျောက်တော်မြို့၌ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၂ ဦးနှင့်အတူ ကျောက်တော်မြို့မှ  လူမှုရေးတက်ကြွလှုပ်ရှားကို ဦးဇော်ဝင်းကိုပါ စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိ ဖမ်းဆီးကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကိုဇော်ဝင်းကိုမူ လာမည့် စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ချရန် ရုံးချိန်းထားကြောင်း သိရသည်။

သူတို့ ၃ ဦးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း)များဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။ 

 

ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။ 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!