စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင် ALP ဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယနေ့မွန်းလွဲပိုင်းက ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဗိုလ်မှူး ခိုင်စိုးလွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားသည်ဟု သိရသည်။

စစ်တွေမြို့တွင်းရှိ အချက်အချာကျသော လမ်းမကြီး နာရီစင်အဝိုင်း၊ မီးစက်ကြီးလမ်းဆုံအဝိုင်း၊ စာတိုက်ကြီးလမ်းဆုံနှင့် အခြား လူစည်ကားသည့် နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့ဖြင့် လုံခြုံရေးတိုးမြှင့်ချထားပြီး လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များနှင့် ဖုန်းများကိုလည်း ဖွင့်၍စစ်ဆေးလျက်ရှိသည်ကိုတွေ့ရကြောင်း မြို့ခံများက ပြောသည်။

“လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေ ဘောက်တွေကို ဖွင့်ကြည့်တယ်။ တစ်ယောက်တစ်လေဆို ဖုန်းတွေကိုလည်း အစစ်ခံရတယ်”ဟု ပြောသည်။

ယင်းအပြင် မြို့အဝင်အထွက်နေရာများဖြစ်သည့် တိပ်ထိန်းဂိတ်၊ ဆတ်ရိုးကျစစ်ဆေးရေးဂိတ် တို့တွင်လည်း လုံခြုံရေးတိုးမြှင့်ချထားသည်ဟု ဆိုကြသည်

ယနေ့ညအချိန် ရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်စစ်ဆေးပြီး အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခံရမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။

အသက် ၄ဝ ကျော်အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်တွေမြို့ရှိ ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသလို ချွန်ထက်သည့်အရာတစ်ခုဖြင့်ထိုးသွင်းခံလိုက်ရ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သူ၏ နဖူးတွင် ကျည်ဖောက်ဝင်ဒဏ်ရာနှင့်အတူ ရင်အုံ၊ လက်မောင်းတို့တွင်လည်း ထိုးသွင်းဒဏ်ရာများရရှိကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းများနှင့် ဆေးရုံမှတ်တမ်းများအရ သိရသည်။

ALP ဗိုလ်မှူး ခိုင်စိုးလွင်ကို အမည်မသိလူ ၄ ဦးက ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ကာ အနီးကပ်သေနတ်ဖြင့်ပစ်ကာ ဓား(သို့မဟုတ်) ချွန်ထက်သည့်အရာတစ်ခုခုဖြင့် ထိုးသတ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိရဉ္စရာက ဆက်သွယ်ရာ တစ်စုံတစ်ရာတုံ့ပြန်မပြောခဲ့သလို

ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်ကို ဆက်လက်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ဓာတ်ပုံ- ယခင်ပုံဟောင်းဖြစ်ပါသည်။

ဆက်စပ် သတင်းများ