တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေကမ်းနားလမ်း ၄ လကြာသည်အထိ အပြီးသတ်ပြုပြင်နိုင်ခြင်းမရှိသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

(ပြန်လည်ပြုပြင်တည်ဆောက်မှု နှေးကွေးလွန်း၍ ဝေဖန်မှုများရှိနေ)  

လေးလဆိုသည့်အတိုင်းအတာသည် ပျက်စီးသွားသည့် လမ်းတစ်လမ်းပြန်လည် ပြုပြင်ရန် အတွက် လုံလောက်သော အချိန်ဖြစ်သော်လည်း  မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့ကမ်းနားလမ်းပြုပြင်မှုမှာယနေ့ အချိန်ထိ မပြီးစီးနိုင်သေးဘဲဖြစ်နေကြောင်း စစ်တွေ မြို့ခံများက ပြောသည်။


အမည်မဖော်လိုသူ စစ်တွေမြို့မိမြို့ဖတစ်ဦးက "လက်ရှိ အစိုးရက လေများပြီး လက်တွေ့ အလုပ်က နည်းနည်းပဲ။ မုန်တိုင်းတိုက်ပြီး အခု ၄ လကြာတဲ့ အထိ လုပ်တော့ လုပ်နေတာတော့မြင်တယ်။ ပြီးတဲ့ အဆင့်တော့ မရောက်သေးဘူး" ဟု နိရဥ္စရာကို ‌ပြောသည်။

မပြီးစီးသေးသည့်လမ်းတွင် ကျောက်၊ သဲများဖို့ထားသောကြောင့် မိုးရာသီတွင်သွားရလာရ အဆင်မပြေကြောင်း စစ်တွေမြို့ခံ လူငယ်တစ်ဦးဖြစ်သူ ကိုကျော်ကျော်ထွန်းက နိရဥ္စရာကို ပြောသည်။

"ပွိုင့်နားကနေ စစ်တွေဟိုတယ်ထိ မလုပ်ရသေးဘူး။ ပန်းပင်စိုက်တဲ့ခုံတွေလည်း မလုပ်ရသေးဘူး။ ပွိုင့်ကနေ စစ်တွေဟိုတယ်ကိုသွားရင်တော့ လမ်းပျက်တွေရှိသေးတယ်။ ကွန်ကရစ်လမ်းမခင်းဘဲ သဲတွေ၊ ကျောက်တွေဖို့ထားတာရှိတယ်။ မိုးရွာရင် ရွံ့တွေသဲတွေနဲ့အဆင်မပြေဘူး" ဟု ပြောသည်။




လက်ရှိတွင် ရှုခင်းသာလမ်းမှ ပွိုင့်နားအထိ ကမ်းနားလမ်းကို ပြုပြင်မှု တစ်ပိုင်းတစ်စ ပြီးစီးနေသော်လည်း ပွိုင့်နားမှ စစ်‌တွေ ဟိုတယ်အထိ ပြုပြင်မှု လုံး၀ မပြီးစီးသေးဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

စစ်တွေကမ်းနားလမ်းသည် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေစာတိုက်ကြီးနှင့် ပွိုင့်ကြားနေရာ၊ ပွိုင့်နှင့် စစ်တွေဟိုတယ်ကြားနေရာတို့တွင် ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

 

မိုခါမုန်တိုင်း အလွန်ကာလတွင် ထိခိုက်ပျက်စီးခဲ့သည့် အများနှင့်သက်ဆိုင်သော အဆောက်အအုံများဖြစ်သော စာသင်ကျောင်းများ၊ ဆေးရုံများ၊ သာသနိကအဆောက်အအုံများကို အမြန်ဆုံးပြန်လည် ပြုပြင်ပေးနေသည်ဟု စစ်ကောင်စီ၏သတင်းစာမျက်နှာတွင် ရေးသားထားသော်လည်း လက်တွေ့တွင် ထက်ဝက်ခန့်ပင်မပြီးသေးဟု သိရသည်။ (NN-11)




 ဓာတ်ပုံ - ပြုပြင်ဆဲ စစ်တွေကမ်းနားလမ်းအား စက်တင်ဘာလ ၁၅ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ