စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင် ဇူလိုင်လက ALP တပ်ဖွဲ့ဝင်အချို့သတ်ဖြတ်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ကိုကျော်နိုင်ဦး နှစ်လကြာစစ်ကြောခံရပြီးနောက် လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့်တရားစွဲခံရ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

စစ်တွေမြို့ အခြေစိုက် ဒေါ်စောမြရာဇာလင်းခေါင်းဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)  အဖွဲ့ဝင်အချို့ ဇူလိုင်လအတွင်းက သေနတ်ဖြင့်ပစ်သတ်ခံရမှုတွင် သံသဖြင့် ဖမ်းဆီးခံခဲ့ရသူ ကိုကျော်နိုင်ဦးသည် နှစ်လကြာ စရဖ စစ်ကြောရေးတွင် စစ်ဆေးခံရပြီးနောက်  လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်တရားစွဲခံလိုက်ရသည်ဟု မိသားစုများက ပြောသည်။

လွန်ခဲ့သည့် ၃ ရက် (စက်တင်ဘာလ ၁၄ ရက်)က ၎င်းအား ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး သူ့အား မြင်တွေခဲ့ရသည့် အခြေအနေကို  ကိုကျော်နိုင်ဦး၏ မိသားစုဝင်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ယခုလို ပြောသည်။

“ပိန်သွားပါတယ်သူက။ ချုံးချုံးကျကို ပိန်သွားတာပါ။ ဒီလောက် ခန္ဓာဝဝတုတ်တုတ်၊ ဗိုက်ဆွဲဆွဲနဲ့ လူတစ်ယောက်က အရိုးတစ်ချောင်းပဲ ကျန်ခဲ့ပါတယ်။ ဆံပင်က ပခုံးလောက်ရှည်ပြီးတော့ မုတ်ဆိတ်တွေလည်း အရှည်ကြီး ထွက်ပြီးတော့ ဖြစ်သွားပါတယ်”ဟု ပြောသည်။

လာမည့် စက်တင်ဘာလ ၂၁ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။ 

ကိုကျော်နိုင်ဦးသည် စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာ ရပ်ကွက်(ဒေသအခေါ် အင်ဘာလာ ရပ်ကွက်)တွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ပြီး ယင်းရပ်ကွက်ရှိ ကားဝပ်ရှော့တစ်ခုမှ ဝန်ထမ်းတစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ဒေါ်စောမြရာဇာလင်း ALP ပါတီမှ ခေါင်းဆောင်အချို့ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက် ဇူလိုင်လ ၃ ရက်၊ ညနေတွင် ကိုကျော်နိုင်ဦးကို ကားဝပ်ရှော့မှတဆင့် အမည်မသိ အရပ်ဝတ် လူအချို့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး စစ်တပ်တစ်ခုသို့ ပို့ဆောင်ခံခဲ့ရသည်။

၎င်းနောက် စစ်တွေအခြေစိုက် စစ်တပ် တပ်ရင်း စစ်ကြောရေးတွင် စစ်ဆေးခံရပြီးနောက် သြဂုတ်လ ၂၄ ရက်နေ့တွင် စရဖက  ရဲလက်သို့ အပ်နှံခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

စစ်ကြောရေးတွင် ၂ လခန့်အကြာ သွားလာလှုပ်ရှားခွင့်မရခဲ့သည့်အတွက် ခြေထောက်များ ထုံကျင်ကိုက်ခဲသည့် ဝေဒနာ ခံစားလာခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ထောင်ချုပ်ရောက်ပြီးနောက် ဆေးသောက်လိုက်၍ ထိုရောဂါသက်သာသွားပြီဟုလည်း မိသားစုဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်  သြဂုတ်လ ၃၁ ရက်တွင် စစ်ကောင်စီ စစ်တွေခရိုင်တရားရုံး၌ သူ့အား စတင်ရုံးထုတ်ခဲ့သည်ဟု သိရသည်။

အသက် ၃၃ နှစ် အရွယ် ကိုကျော်နိုင်ဦးသည် ALP ပါတီ၏  ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် ၃  ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏နေအိမ်မှ အနက်ရောင် အိမ်စီးကားတစ်စီးဖြင့်အပြန် စစ်တွေတက္ကသိုလ်နှင့် ရထားသံလမ်းအနီးသို့ အရောက်တွင် အမည်မသိလက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရမှုနှင့် ဆက်စပ်ကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂လခန့် ပျောက်ဆုံးနေခဲ့သည်။ 

ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာ စစ်ကောင်စီ တာဝန်ရှိသူများမှ မိသားစုထံသို့ တစ်စုံတစ်ရာ အကြောင်း ကြားမှုမရှိဘဲ မိသာစုများအနေဖြင့် စိုးရိမ်မှုမြင့်တက်ခဲ့ရသည်ဟု ဆိုသည်။  

ယခုလ စက်တင်ဘာ ၁၅ ရက်ကလည်း စစ်တွေမြို့၊ ကျောင်းကြီးလမ်း ရပ်ကွက်ရှိ ပြည်နယ် ဆက်သွယ်ရေးရုံး အနီးတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP မှ အသက် ၄ဝ ကျော်အရွယ်ရှိ ဗိုလ်မှူး ခိုင်စိုးလွင် အသတ်ခံခဲ့ရပြီးနောက် ပစ်ခတ်သတ်ဖြတ်သူများကို စစ်ကောင်စီက ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။ 

အလားတူ ၎င်း ALP ပါတီမှပင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် နောက်ထပ် တပ်မှူး ၂ ဦးတို့သည်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်တွင် စစ်တွေရှိ ဝေသာလီအားကစားကွင်း၌ စစ်ကောင်စီကပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့တက်ရောက်ပြီး အိမ်စီးကားတစ်စီးဖြင့် အပြန် စက်ရုံစု ရပ်ကွက်ရှိ ဆီဆိုင်တန်းအနီး၌ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ 

လက်ရှိ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP သည် ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်ဦးဆောင်သော  ALP  မှ ခွဲထွက်ပြီး စင်ပြိုင်တည်ထောင်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်ကာ စစ်ကောင်စီက ပြုလုပ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တက်ရောက်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ (NN-16) (NN-16)

ဓာတ်ပုံ - ကိုကျော်နိုင်ဦးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ