Preview

ယုဇန(ကျောက်ဖြူ) ပြုစုရေးသားသော ရခိုင်ဇမ်းကဗျာစာအုပ် ရောင်းအားကောင်းနေ

စက်တင်ဘာ ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :1122
ရခိုင် သတင်း

ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်ရခိုင်ကျေးလက် ဇမ်းကဗျာကို ရှာဖွေပြုစု ရေးသားထားသော ယုဇန(ကျောက်ဖြူ)၏  "ဓလေ့ရိုးရာ ရမ္မာ၀တီ၇ခိုင်သဘာ၀ ဇမ်းကဗျာ"စာအုပ်သည်လက်ရှိတွင် ရောင်းအားကောင်းနေသည်ဟု သိရသည်။

ရခိုင်ရမ္မာ၀တီ(ခေါ်)ရမ်းဗြဲဒေသ၏ကျေးလက်ရိုးရာဓလေ့များထဲတွင် တစ်ခုအပါအဝင် ဖြစ်သော ရမ္မာ၀တီ ဒေသခံများ၏ အပြန်အလှန် ဖွဲ့စပ်ပြောဆိုထားသည့်ဇမ်းကဗျာများကို ကျောက်ဖြူမြို့မှ စာရေးဆရာ ဆရာတော်ယုဇန(ကျောက်ဖြူ)က ပြုစုရေးသားကာ ပြီးခဲ့သည့် ဩဂုတ်လတွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်တွင်းသာမက ပြည်မဘက်ကပါမှာယူဝယ်ယူနေကြသည့်အတွက် အုပ်ရေ ၁၀၀၀ ၌ အုပ်ရေ ၃၀ခန့်သာကျန်ရှိတော့ကြောင်း စာရေးသူ ဆရာတော်ယုဇန(ကျောက်ဖြူ)၏ တပည့်ရင်းအရှင်ခေမာဝံသက နိရဥ္စရာသို့ မိန့်ကြားသည်။

"ဇမ်းကဗျာစာအုပ်ကို ပြည်မဘက်ကရခိုင်စာဖတ်ပရိသတ်တွေလည်း မှာယူအားပေးကြသလို ရခိုင်ပြည်တွင်းက စာပေအသိုင်းအဝိုင်း၊စာဖတ် ပရိသတ်တွေလည်း ဝယ်ယူကြပါတယ်။ အခု ဒုတိယ အကြိမ်ထုတ်ရမလားဆိုပြီးတော့ တိုင်ပင်နေပါတယ်"ဟု မိန့်ကြားသည်။

အဆိုပါစာအုပ်တွင် ရမ္မာ၀တီကျေးလက်ဒေသ၌လူပျိုလှည့်(ရွာလည်)စဉ် လူပျိုနှင့် အပျိုတို့ အပြန်အလှန်ဖွဲ့စပ်ပြောဆိုသည့် ဇမ်းကဗျာများ၊ ကျွဲကျောင်းနွားကျောင်းရာတွင်  အချင်းချင်း ချစ်ကြည်ရင်းနှီးစွာအပြန်အလှန်ဖွဲ့စပ်ပြောဆိုသည့် ဇမ်းကဗျာများ၊ ငါးရှာ၊ မှိုဟင်းခူးသွားရာတွင်ဖွဲ့စပ်ပြောဆိုသည့် ဇမ်းကဗျာများအပြင် ကျေးလက်ဒေသရှိ ဓလေ့ရိုးရာလုပ်ငန်းများတွင် ဒေသခံများ ဖွဲ့စပ်ပြောဆိုလေ့ရှိသည့်ဇမ်းကဗျာများဖြစ်ကြောင်း စာအုပ်ပြုစုရေးသားထုတ်ဝေသူ ဆရာတော် ယုဇန(ကျောက်ဖြူ) ကနိရဥ္စရာသို့ မိန့်သည်။

"ကျေးလက်ဒေသတွေကို သွားတဲ့အခါ ဒီဇမ်းကဗျာက အထူးသဖြင့် လူပျိုကာလသားတွေပေါ့။ အပျို၊ လူပျိုတွေအချင်းချင်း အပြန်အလှန် စကားနိုင်လုပြီး ပြောကြတဲ့အခါပေါ့။ သူတို့ကဇမ်းကဗျာတွေနဲ့ပြောကြတဲ့အခါ အလွန်မှ နှစ်သက်ဖို့ကောင်းတယ်။ ဆိုတော့ ဘုန်းကြီးကဒီဇမ်းကဗျာတွေကို ဟိုခါနည်းနည်း၊ ဒီခါနည်းနည်းစုဆောင်းနဲ့ အပုဒ် ၂၀၀ကျော်လောက်ရတယ်ပေါ့။ အခုစာအုပ်မှာတော့ ပုဒ်ရေတစ်ရာကျော်ထည့်ထားပါတယ်" ဟုမိန့်ကြားသည်။



ရမ္မာ၀တီကျေးလက်ဒေသခံများက၄င်းတို့မှတ်မိသလောက် ပြန်လည်ရွတ်ဆိုပြသည့်ဇမ်းကဗျာများကို ဆရာတော်ကနှစ်ပေါင်းငါးဆယ်ကျော်ကြာ ၁၉၇၁ ခုနှစ်ခန့်ကပင် ရေးသားစုဆောင်းလာခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ရမ္မာ၀တီကျေးလက်ဒေသများတွင် ရှေးအခါကပင်လူပျိုလှည့်(ရွာလည်)၌ အပိုးပန်းခံရသည့် အပျိုတို့မှာ လူပျိုအပျိုစကားအားဇမ်းကဗျာများဖြင့် လက်တမ်းဖွဲ့စပ်ပြောဆိုလေ့ရှိကြောင်းလည်း ဆရာတော်ကမိန့်သည်။

"ဒီဇမ်းကဗျာတွေဟာ ဒေသတစ်ခုရဲ့အင်မတန်မှချစ်စရာကောင်းတဲ့ ဓလေ့တွေပေါ့။ ဒီဟာတွေက နှစ်တွေကြာလာတာနဲ့အမျှပျောက်ကွယ်လာတာ တွေ့ရတယ်။ နောက်မျိုးဆက်တွေလည်း ဘာမှ သိကြတော့မှာမဟုတ်ဘူး။ ဒါကြောင့် ဘုန်းကြီးပြုစုခဲ့တာတွေကို ပြန်ထုတ်ဝေလိုက်တာပါ"ဟု မိန့်ကြားသည်။

ယခုစာအုပ်တွင် ဇမ်းကဗျာပုဒ်ရေ၁၁၁ ပုဒ်ပါဝင်ပြီး ဇမ်းကဗျာထဲမှ ဒေသိယစကားလုံးများ၏ ခက်ဆစ်အဓိပ္ပာယ်ကိုလည်းမြန်မာဘာသာဖြင့် ပြန်ဆိုပေးထားသည်ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းအပြင်ဇမ်းကဗျာတစ်ပုဒ်ချင်းစီ၏ဆိုလိုချက်၊ ရွတ်ဆိုသူ၏ အာဘော်သဘောတရားတို့ကိုလည်းစာအုပ်ထဲတွင် ရှင်းလင်းရေးသားပေးထားကြောင်းလည်း သိ၇သည်။

အဆိုပါစာအုပ်တစ်အုပ်၏တန်ဖိုးမှာ ကျပ် ၃၅၀၀ ဖြစ်သည်။ (NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.