Preview

ရခိုင်တွင် ခိုးမှု၊ လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

စက်တင်ဘာ ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :6499
ရခိုင် သတင်း

(စက်လှေများပေါ်က စက်များကိုပါ ဖြုတ်ထုတ်ခိုးယူမှုဖြစ်ပွားနေ)

ရခိုင်တွင် မြို့၊ ရွာ ကျေးလက်ဒေသအနှံ့ခိုးဆိုးလုယက်များ နေ့စဉ်ရက်ဆက်ဆိုသလိုဆက်တိုက်ဖြစ်ပွားနေပြီး ရခိုင်ပြည်သူများ အနေဖြင့်မလုံမခြုံဖြစ်ကာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြ၇သည်ဟု ဒေသခံများက ပြောဆိုသည်။

 

ရခိုင်ကမြို့နယ်အများအပြားတွင် စက်လှေ၊ ဖုန်း၊ ဆိုင်ကယ်နှင့် တခြားအသုံးအဆောင် ပစ္စည်းများအခိုးခံရမှု၊လုယက်ခံရမှုများနေ့စဉ်ရက်ဆက်ဆိုသလို ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်မှကျေးရွာတချို့တွင် တစ်လအတွင်း ဟွန်ဒါစက်နှင့် လှေအခိုးခံရမှုတစ်ဆယ်ကျော် ရှိခဲ့ကြောင်း အမ်းမှလူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောသည်။

"စက်လှေတွေ၊ ဟွန်ဒါစက်တွေတော်တော်ကိုပျောက်ပါတယ်။ ဒီလအတွင်းမှာတောင် ကျောက်ဖြူနဲ့ အမ်းမြို့နယ်မှာ စက်တွေကိုဖြုတ်ပြီး ခိုးသွားတာ တစ်ဆယ်ကျော်ပျောက်သွားပါပြီ။သူခိုးတွေ အရမ်းသောင်းကျန်းနေပါတယ်။မရှိဆင်းရဲသူတွေမှာက ဒါတွေနဲ့ လုပ်စားနေတာ။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းကိုထိခိုက်တယ်။မိသားစု စားဝတ်နေရေးကို ထိခိုက်တယ်။ ဒီလို ပုံစံမျိုးတွေ တောက်လျှောက်ဖြစ်နေပါတယ်"ဟုဆိုသည်။

ယင်းအပြင်ကျောက်တော်မြို့နယ်မှ ကျေးရွာများတွင်လည်း စက်လှေများ အခိုးခံရမှုဆက်တိုက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၉ရက် တစ်ရက်တည်းတွင်ပင် ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ရာ ကျောက်တော်မြို့နယ်ရှိ င/တပေါင်းနှင့် ကွမ်းအုံချောင်း ကျေးရွာမှ ဟွန်ဒါစက် ၄ လုံးအခိုးခံခဲ့ရသည်ဟု သိရသည်။

ယင်းသို့  ကျောက်ဖြူမြို့ပေါ်တွင် ခိုးဆိုးလုယက်မှုများများပြားလာရခြင်းမှာ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးနှင့် ပတ်သက်သူများကိုအရေးယူသော်လည်းခိုးဆိုးလုယက်မှုများကို အရေးယူ ကိုင်တွယ်မှုအားနည်၍ ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖိုးစံက ထောက်ပြသည်။

"ကျနော်တို့ ကျောက်ဖြူမြို့အနေနဲ့ကတော့မြို့ပေါ်မှာ အေအေထိန်းချုပ်မှုထက် အစိုးရထိန်းချုပ်မှုက များတယ်။တရားဥပဒေက ထိထိရောက်ရောက်မရှိဘူး။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လူတွေကိုပဲအရေးယူမှုရှိပြီးခိုးဆိုးလုယက်မှုတွေနဲ့ကျတော့ အားနည်းတယ်လို့မြင်မိတယ်" ဟု ပြောသည်။


 ကျောက်ဖြူမြို့နယ်အတွင်းတွင်လည်းခိုးမှု၊ လုယက်မှုများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်စွာ နေကြရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၏မြို့တော်စစ်တော်မြို့တွင်လည်း ထိုနည်းတူစွာ ခိုးဆိုးလုယက်မှုများရှိနေပြီးဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့ပင်ဖြစ်နေပြီဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"ဆိုင်ကယ်ပျောက်တယ်။ လူကိုသတ်ပြီးဆိုင်ကယ်ကိုလုသွားတယ်။ အိမ်ပေါ်တက်ပြီး အနုကြမ်း စီးတယ်ဆိုတာဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုဖြစ်နေသလို ကျူးလွန်ခံရတဲ့ ကာယကံရှင်ရဲ့ ချို့ယွင်းချက် ဖြစ်လာတယ်။ ဘာလို့ဆို လုပ်တဲ့လူကို အရေးယူခြင်း မရှိတဲ့အခါအဲ့လူ တရားဝင် လုပ်ပိုင်ခွင့် ရှိသလိုဖြစ်သွားတယ်"ဟုပြောသည်။




စစ်ဘေးဒဏ်၊ သဘာ၀ဘေးဒဏ်တို့ကြောင့်နာလန်မထူနိုင်ဖြစ်နေရသည့် ရခိုင်ပြည်သူများမှာ ခိုးမှု၊လုယက်မှုများကြောင့် စိတ်လုံခြုံမှုမရှိဘဲ စိုးရိမ်ပူပင်စွာ နေထိုင်နေကြရသည့်အတွက်သက်ဆိုင်ရာ ၇ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) နှင့်စစ်ကောင်စီတို့အနေဖြင့် သူတို့ ထိန်းချုပ်ရာနယ်မြေများတွင် ပြစ်မှု ကျူးလွန်သူများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးသင့်ကြောင်းဒေသခံများက ပြောသည်။

စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက"စစ်ကောင်စီကရော တချို့နယ်တွေမှာ အေအေကရော ထိန်းချုပ်ပေးရမယ်။မဟုတ်ရင် ပြည်သူတွေဒုက္ခရောက်နေပြီ"ဟု ပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်အချို့ရှိ လူသွားလူလာပြတ်တတ်သည့်လမ်းများတွင် နေ့ခင်းကြောင်တောင် ဆိုင်ကယ်များ၊ ပိုက်ဆံအိတ်များနှင့်လက်ဝတ်လက်အစားအချို့တို့ကို လုယက်မှုများပင်ရှိဖူးကြောင်း သူမက ပြောသည်။

တောင်ကုတ်မြို့တွင်ဆိုလျှင်လည်းနေအိမ်များ၊ ဈေးဆိုင်ခန်းများဖောက်ထွင်းခံရမှုများအပြင် ဇူလိုင်လကဆိုလျှင်ကြက်ခြံပိုင်ရှင် တစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်လုယက်မှုပင်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယခုထိအမှုမှန်စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးဟုဒေသခံများက ပြောသည်။


ယခုကဲ့သို့ ရခိုင်တွင် ခိုးဆိုးလုယက်မှုများပြားလာခြင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်လာမှု၊ စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှုအပြင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် စစ်ကောင်စီတို့၏ အုပ်ချုပ်ရေး အားပြိုင်နေမှုအပေါ် အခွင့်ကောင်းယူကာ ကျူးလွန်နေကြခြင်းဖြစ်သည်ဟု ရခိုင်အရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။ (NN-7)


ဓာတ်ပုံ- ဒုစရိုက်မှုများလာသည့် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော်စစ်တွေမြို့လယ်မြင်ကွင်း

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.