စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ် တွဲဘက်သင်ကြားမည့် ကျောင်း ၃ဝ ကျော်အထဲတွင် ရခိုင်မှ တောင်ကုတ်၊ ကျောက်ဖြူနှင့်မြောက်ဦးတို့မှ အထကတစ်ကျောင်းစီပါဝင်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်တို့ တွဲဘက် သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်းဖွင့်လှစ်ရန်စီစဉ်နေပြီး  ယင်းအထဲတွင် ရခိုင်ပြည်နယ်မှ အထက(၁) တောင်ကုတ်၊ အထက(၃) ကျောက်ဖြူနှင့် အထက(၁) မြောက်ဦးတို့တွင် ပါဝင်ကြောင်း သိရသည်။

အထက(၁) တောင်ကုတ်တွင်ဖွင့်လှစ်ရာ၌ စက်မှုလက်မှုဘာသာရပ်အတွက် ကျောင်းသား ၉၀ ၊ စိုက်ပျိုးရေးဘာသာရပ်အတွက် ကျောင်းသား ၃၀ နှင့် မွေးမြူရေးအတွက် ၃၀ ခန့် ကနဦး လက်ခံသင်ကြားရန် သတ်မှတ်ထားကြောင်း  အထက(၁) တောင်ကုတ် အငြိမ်းစားကျောင်းအုပ် ဆရာကြီး ဦးပေါ်ထွန်းအောင်က နိရဥ္စရာကို ပြောသည်။

ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာရပ်များပါ တွဲဘက်သင်ကြားပေးခြင်းမှာ အင်မတန် ကောင်းမွန်ပြီး ကျောင်းသားမိဘများ အနေဖြင့်လည်း စိတ်ဝင်စားမှုရှိကြောင်း ပြောသည်။

"ဒီလိုတွဲဘက်ကျောင်းဖွင့်တာကတော့ အင်မတန်ကောင်းတဲ့ကိစ္စပါပဲ။ ကျောင်းသားမိဘတွေနဲ့လည်း အစည်းအဝေးတွေ လုပ်ဆွေးနွေးခဲ့ပြီးပြီ။ ကျောင်းသားမိဘတွေကလည်း တော်တော် စိတ်ဝင်စားကြတယ်" ဟု ပြောသည်။

အထက(၁)တောင်ကုတ်တွင် ယင်းသို့တွဲဘက်သင်ကြားပေးနိုင်ရန် လာမည့် အောက်တိုဘာလ ဘတ်ဂျက်၌ ပေ ၆၀×၉၀ နှစ်ထပ်ဆောင်တစ်ဆောင်ရရှိထားကြောင်း ဆရာကြီးက ပြောသည်။

အခြေခံပညာကျောင်းများတွင် တွဲဘက်သင်ကြားပေးမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို အလယ်တန်းအဆင့် Grade(9)အောင်မြင်ပြီးသည့် ကျောင်းသူ/သားများ သင်ယူလေ့ကျင့်ခွင့်ရရှိမည်ဟုလည်း သိရသည်။

အလယ်တန်းအဆင့်အောင်မြင်ပြီးသူ မည်သူမဆို တက်ရောက်သင်ယူနိုင်ရေး လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းသား/သူများသည် အထက်တန်းအဆင့် သင်ယူနေချိန်တွင် အဆိုပါ အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း ပြောဆိုထားသည်။

စက်မှုနည်းပညာလမ်းကြောင်းတွင် အခြေခံပညာအထက်တန်းဘာသာရပ်အပြင် အဆောက်အဦ နည်းပညာ(Building Technology) လျှပ်စစ် နည်းပညာ(Electric Technology)နှင့် စက်ပစ္စည်း အစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာ(Part of Machining Technology)ဘာသာရပ်များကို ပညာသင်နှစ် ၃ နှစ်ကာလတွင် စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွန်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများအသုံးပြု၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အထူးအောင်မြင်သူများအနေဖြင့် ပညာသင်နှစ် ၆ နှစ်တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့် ပညာသင်နှစ် ၄ နှစ်တက်ရောက်ရပြီး နည်းပညာဘွဲ့ပေးအပ်သည့် အစိုးရနည်းပညာကောလိပ်များကို ဆက်လက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ယင်းအပြင် အဆင့်မီ(Qualified)အောင်မြင်သူများသည် ပညာသင်နှစ် ၃ နှစ်တက်ရောက်ရပြီး အင်ဂျင်နီယာနည်း ပညာဒီပလိုမာ(AGTI Diploma) ပေးအပ်သော အစိုးရစက်မှုလက်မှု သိပ္ပံများသို့လည်း ဆက်လက်တက်ရောက်နိုင်မည်ဟု ဆိုသည်။

အင်ဂျင်နီယာနည်းပညာဒီပလိုမာ သင်တန်းကိုထူးချွန်စွာအောင်မြင်သူများသည် အစိုးရနည်းပညာ ကောလိပ်၏ တတိယနှစ်(ပထမနှစ်ဝက်)သို့လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ်(ပထမနှစ်ဝက်)သို့ တက်ရောက်နိုင်မည်ဟု သိရသည်။

ရိုးရိုးအောင်မြင်သူများအနေဖြင့် ပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများအသုံးပြု၍ လေ့ကျင့်သင်ကြားပေးထားသဖြင့် ပြင်ပလုပ်ငန်းခွင်များသို့ဝင်ရောက်လျှင်လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူရရှိစေမည်ဟု ဆိုသည်။

စိုက်ပျိုးရေးအတတ်ပညာတွင်လည်း အခြေခံပညာအထက်တန်းဘာသာရပ်အပြင် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာဘာသာရပ်များကို စာသင်နှစ်သုံးနှစ်အတွင်း စာတွေ့၊ လက်တွေ့သင်ရိုးညွှန်းတန်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးအောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) ၅ နှစ်သင်တန်းကိုတက်ရောက်နိုင်ပြီး အဆင့်မီ(Qualified) ဖြင့်အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်(Diploma in Agriculture) ၃ နှစ်သင်တန်းနှင့် စိုက်ပျိုးရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်ပါက စိုက်ပျိုးရေးသိပ္ပံဘွဲ့ ၅ နှစ်သင်တန်း၏ တတိယနှစ်(ပထမနှစ်ဝက်)ကို တက်ရောက်နိုင်မည်ဟုဆိုသည်။

မွေးမြူရေးအတတ်ပညာတွင် အထူးအောင် (Credit)ဖြင့်အောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့ (၆)နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့ (၄)နှစ်သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆင့်မီ(Qualified)ဖြင့်အောင်မြင်သူများသည် စိုက်ပျိုးရေးသိပ္ပံများ၏ မွေးမြူရေး ဒီပလိုမာ(၃)နှစ်သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ(၃)နှစ်သင်တန်းသို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မွေးမြူရေးဒီပလိုမာသင်တန်းတွင် ထူးချွန်အောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(၄)နှစ် သင်တန်း၏ တတိယနှစ်(ပထမနှစ်ဝက်)မှ စတင်တက်ရောက်နိုင်မည်ဖြစ်ပြီး ငါးလုပ်ငန်းသိပ္ပံဒီပလိုမာသင်တန်းတွင်ထူးချွန်အောင်မြင်သူများမှာ ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်ကို တတိယနှစ်(ပထမနှစ်ဝက်)မှ စတင်တက်ရောက်နိုင်မည်ဟု ဆိုသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်က မြန်မာနိုင်ငံတွင် ခရိုင်(၅၀)ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ ကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဘက်ကျောင်းများအဖြစ် ဖွင့်လှစ်ခဲ့ကြောင်းလည်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏စာရင်းအရသိရသည်။ (NN-23)

ဓာတ်ပုံ- တောင်ကုတ် အထက (၁)/တောင်ကုတ်မြို့နယ်(ပြန်/ဆက်)

ဆက်စပ် သတင်းများ