Preview

အလယ်တန်းပြဆရာမ ဆရာမဒေါ်နှင်းယုနွယ်အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက် အပါအဝင် လူမှုအဖွဲ့အစည်းများ ထုတ်ပြန်တောင်းဆို

စက်တင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1614
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် စာပြသွားစဉ် သတ်ဖြတ်ခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍တာဝန်ရှိ အဖွဲ့အစည်းများက အမြန်ဆုံး အမှုမှန် ဖော်ထုတ်ပေးရန်ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်အပါအဝင် ရခိုင်လူမှုအဖွဲ့အစည်းများကထုတ်ပြန်ချက်အသီးသီးထုတ်ပြန်ကာ တောင်းဆိုလိုက်ကြောင်း သိ၇သည်။

ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်အပါအဝင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့်အမေရိကန်ရောက် ၇သေ့တောင်မြို့နယ်သူ/သားများက စက်တင်ဘာလ ၁၇ ရက်တွင်ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်၏ထုတ်ပြန်ချက်တွင် “ဆရာ၊ဆရာမများမှာ တိုင်းပြည်၏အနာဂတ်ကြယ်ပွင့်လေးများကိုမွေးထုတ်ပေးသူများ ဖြစ်သည့်အတွက် အလွန်တရာ တန်ဖိုးထားအပ်သူများပင်ဖြစ်ပေသည်။ယခုလုပ်ကြံသတ်ဖြတ်ပြီး သေဆုံသွားသူမှာလည်း ကျောင်းဆရာမ တစ်ဦးဖြစ်သည့်အတွက်ကြောင့်သေဆုံးမှုနှင့်ပတ်သက်ပြီးအုပ်ချုပ်သူများတွင် တာဝန်ရှိပါသည်။အမှန်တရားပေါ်ပေါက်ပြီး တရားခံ ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်သင့်ပါသည်” ဟုတိုက်တွန်းရေးသားထားသည်။

အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ထုတ်ပြန်ချက်တွင်လည်း ယခုကဲ့သို့ ပညာရေး ဝန်ထမ်းတစ်ဦး အသတ်ခံရခြင်းမှာပညာရေးအသိုင်းအဝိုင်းသို့ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီးပညာရေးဝန်ထမ်းများလောက်မဟုတ်ဘဲ ဝေးလံခေါင်ဖျားသောအရပ်ဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်ရမည့်ဝန်ထမ်းများအတွက်လည်း တာဝန်ထမ်းဆောင်ရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်သည်ဟုဆိုထားသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဦးဆောင်ကော်မတီဝင်လူငယ်တစ်ဦးက"ကျွန်တော်တို့ရခိုင်ပြည်ကအဘက်ဘက်က ဖွံ့ဖြိုးမှုနောက်ကျတော့ လူထုရဲ့အသိပညာဖွံဖြိုးမှုလည်း အစစအရာရာ နောက်ကျနေတယ်။ အဲဒီတော့ ကျွန်တော်တို့စိုးရိမ်တာကဒီလိုဖြစ်ရပ်တွေဟာ အလားတူ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဟာငြိမ်သက်နေလို့မရတော့ဘူး။ ပြည်သူလူထုတွေအနေနဲ့ နိုးနိုးကြားကြားနဲ့ပါဝင်လှုံဆော်တာသော်လည်းကောင်း လုပ်ရမယ်။ ပြီးတော့ ကျူးလွန်သူကိုလည်းပြင်းပြင်းထန်ထန်အပြစ်ပေးရပါမယ်" ဟု နိရဥ္စရာသို့ပြောသည်။

အသတ်ခံလိုက်ရသည့် ဆရာမမှာရသေ့တောင်မြို့နယ်၊ မယူကမ်းရှိ ပန်းဖော်ပြင် အလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့်ဆရာမဒေါ်နှင်းယုနွယ်(၃ရ)နှစ်ဖြစ်သည်။

ဆရာမဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ၁၆ ရက်၊ နံနက်ပိုင်းကသူမနေထိုင်ရာ  ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့စာပြရန်သွားစဉ် လမ်းတစ်နေရာတွင် ရက်စက်စွာ လည်လှီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်၍မည်သည့်အဖွဲ့စည်းကပင်ကိုင်တွယ်နေသည်ဖြစ်စေ ဘက်လိုက်မှုမရှိ၊တရားမျှတမှုရှိရှိ ဆောင်ရွက်ရန်လိုပြီး ပြည်သူလူထုအကြား ပွင့်လင်းမြင်သာအောင်စီရင်ပေးဖို့လည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဦးဆောင်ကော်မတီဝင်လူငယ်တစ်ဦးကထပ်ပြောသည်။

"ULA / AA ပဲဖြစ်ဖြစ်၊ဘယ်အဖွဲ့စည်းပဲဖြစ်ဖြစ်အမှုနဲ့ပတ်သက်ပြီးတော့သမာသမတ်ကျကျနဲ့ အကောင်းဆုံးဖြစ်အောင်၊ ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်စေချင်တယ်"ဟုပြောသည်။

လက်ရှိရခိုင်ပြည်တွင် နိုင်ငံရေးအခြေအနေမငြိမ်သက်မှုများကို အခွင့်ကောင်းယူ၍မသမာသူများသည် အမျိုးသမီးငယ်များ၊ တက္ကသိုလ်ကျောင်းသူများနှင့်အသက်မပြည့်သည့် အမျိုးသမီးငယ်များပါမကျန် အဓမ္မပြုကျင့်စော်ကားရိုင်းပြမှုများ ခပ်စိပ်စိပ်ကြားလာရကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်သည်အခြားသောဒေသများထက် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျသောကြောင့်လမ်းပမ်းဆက်သွယ်ရေးမကောင်းခြင်း၊ ယခင်ထက်ဆင်းရဲကျပ်တည်းမှုပိုများလာ၍ခိုးဆိုးလုနှိုက်မှုများတိုးပွားလာခြင်းတို့ကြောင့်လမ်းသွားလမ်းလာပြည်သူများအပြင် နိုင်ငံ့ဝန်ထမ်းများအတွက်လည်းမလုံခြုံမှုများဖြစ်လာရကြောင်း ရေးသားထားသည်။

ဆရာမဒေါ်နှင်းယုနွယ် ရက်စက်စွာသတ်ဖြတ်ခံရခြင်းနှင့်အလားတူကိစ္စရပ်များအပေါ် ရခိုင်ပြည်သူလူထုအနေဖြင့်လည်းနှုတ်ဆိတ်မနေဘဲ မိမိတို့ တတ်နိုင်သည့်အခန်းကဏ္ဍများမှပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ လှုံ့ဆော်ခြင်းများပြုလုပ်ကြရန်ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက တိုက်တွန်းထားသည်။

အနာဂတ်ရခိုင်ပြည်တွင် ရခိုင်အမျိုးသမီးထုများ လုံခြုံမှုရှိစေရန်အတွက်၇ခိုင်အမျိုးသမီးထု၏လူမှုဘ၀လုံခြုံမှုအား ခြိမ်းခြောက်စေသည့်ကျူးလွန်သူ တရားခံများအား ရခိုင်ပြည်သူလူထုရှေ့မှောက်တွင်သေဒဏ်ချမှတ်စီရင်နိုင်သည့် တရားရေးမဏ္ဍိုင်ကို ဖော်ဆောင်ပေးရန်၊လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို တရားမျှတစွာဆောင်ရွက်ပေးရန်သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများအား တိုက်တွန်းထားသည်။

အမေရိကန်နိုင်ငံရောက်၇သေ့တောင်မြို့နယ်သူ/သားများကလည်း ဆရာမဒေါ်နှင်းယုနွယ်ရက်စက်စွာသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးရန်၄င်းတို့၏ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။



လက်ရှိတွင် ဆရာမဒေါ်နှင်းယုနွယ်သတ်ဖြတ်ခံရသည့်အမှုကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ကဖော်ထုတ်စစ်ဆေးနေပြီး တရားခံကို ယနေ့နံနက်ထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မိသားစုဝင်များက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယခုအမှုနှင့်ပတ်သက်ပြီးအနီးအနား ကျေးရွာများမှ ကျေးရွာသားများနှင့် ပညာရေးဝန်ထမ်းတချို့ကိုလည်း ULA/AAက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြာင်း ကျွန်းပေါ် ပေါက်တောအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ရင်ကပြောသည်။

ယခုအမှုကျူးလွန်သူကိုလည်းရခိုင်ပြည်နယ်ရှိ ပညာရေးအသိုင်းအဝိုင်းတစ်ခုလုံးအပါအဝင် ဒေသခံများကကန့်ကွက်ရှုတ်ချနေကြသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.