Preview

တရားရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေးဆိုးဝါးလာ၍ ဒေါ်ညိုအေးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရ

စက်တင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1966
ရခိုင် သတင်း

ယနေ့ နေ့လယ်က အမျိုးသမီးအရေးလှုပ်ရှားသူရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို တရားရုံးထုတ်စစ်ဆေးစဉ်ကျန်းမာရေးဆိုးဝါးလာ၍ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟု သိ၇သည်။

 

သူမနှင့်နီးစပ်သူတစ်ဦးက  "သူ သွေးတိုးနေတဲ့အတွက် ဆေးရုံကိုပို့လိုက်ရတာပါ။အခုတော့ သူ့ကို ဓာတ်မှန်လည်း ရိုက်ဦးမှာဖြစ်လို့ ဓာတ်မှန်ခန်းထဲယူသွားပါပြီ"ဟုနိရဥ္စရာကိုပြောသည်။

ဒေါ်ညိုအေးကို ယနေ့စက်တင်ဘာလ ၁၈ရက် နေ့လယ်က စစ်တွေမြို့နယ်တရားရုံး၌ရုံးထုတ်စစ်ဆေးနေစဉ် သွေးတိုးနေသည့် အတွက် တရားရေးတာဝန်ရှိသူများကစစ်တွေဆေးရုံ အရေးပေါ်ပို့ဆောင်ခိုင်းလိုက်ခြင်းဖြစ်သည်ဟု၎င်းက ပြောသည်။

 
ယင်းအပြင်ဒေါ်ညိုအေးသည် ပြီးခဲ့သည့်ရက်ပိုင်းက ဖျားနေသလို အချုပ်ထဲတွင်ခြင်ကိုက်ခံရသည့်အတွက် ခန္ဓာကိုယ်တွင်လည်းယားနာများဖြစ်ပွားနေသည်ဟု သိ၇သည်။




သောက်နေကျဆေးများကို အကျဉ်းထောင်အတွင်းသောက်ခွင့်မရသလို မိသားစုနှင့်လည်း တွေ့ခွင့်မရသည့်အတွက်သူမ၏ကျန်းမာရေးအတွက် မိသားစုများက စိုးရိမ်လျက်ရှိသည်ဟု သိ၇သည်။

ဒေါ်ညိုအေးသည်ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိရခိုင်အမျိုးသမီးကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံခဲ့၇ခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် သြဂုတ်လ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂကဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ်ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက်သူမကို ပုဒ်မ ၅၀၅(ခ)ဖြင့် အမှတ်(၁)ရဲစခန်းမှူးကတရားလိုပြုလုပ်ကာအမှုဖွင့်ပြီး စစ်တွေထောင်အချုပ်သို့ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

ပုဒ်မ ၅၀၅(ခ)သည်ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

ဒေါ်ညိုအေးကိုပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်။

စက်တင်ဘာလ ၁၂ရက်နေ့တွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် တတိယအကြိမ်ရုံးထုတ်ရန်ရုံးချိန်းထားသည်ဟု သိ၇သည်။ (NN-16, NN-12)

ဓာတ်ပုံ -ဒေါ်ညိုအေးအား စစ်တွေဆေးရုံတွင်တွေ့၇စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.