တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ULA တရားရုံးတွင် အမှုနိုင်ထားသည့် ကျောက်ဖြူမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး လူပြန်ပေးမှုပုဒ်မနှစ်ခုဖြင့် တရားစွဲ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နယ်မြေ တရားရုံးမှ အမှုအနိုင်ရရှိခဲ့သည့် ကျောက်ဖြူမြို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး လူပြန်ပေးမှုပုဒ်မ ၃၆၅ အပါအဝင် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ယင်းသို့ဖမ်းဆီးတရားစွဲခံထားရသူမှာ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ မမိုးစန္ဒာ(၃၂)နှစ်ဖြစ်ပြီး ULA နယ်မြေတရားရုံးတွင် ငွေကြေးရလိုမှုနှင့် အမှုနိုင်ခဲ့ပြီးနောက် စစ်ကောင်စီကဖမ်းဆီးပြီး တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

မမိုးစန္ဒာနှင့်တစ်ရပ်ကွက်တည်းနေထိုင်သူအမျိုးသားတစ်ဦးက "သူက ငွေကြေး အမှုနဲ့ ULA နယ်မြေ တရားရုံးကနေ အမှုနိုင်ထားတဲ့သူပါ။ သူ့ကိုစစ်ကောင်စီက ပြန်ဖမ်းပြီးတော့ လူပြန်ပေးမှုနဲ့ တရားစွဲ ခံထားရပါတယ်။ လက်ရှိသူ့မှာ ကိုယ်ဝန်လေးလလောက်ရှိတယ်လို့ သိရပါတယ်"ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မမိုးစန္ဒာသည် ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်မှ လျှပ်စစ်ဝန်ထမ်း မပြည့်ဖြိုးစံ (၃၂)နှစ်ခန့်အား ငွေကျပ်သိန်း ၄၀ ချေးထားပြီး သုံးလေးနှစ်အထိ အတိုးနှင့် အရင်းပါပြန်မဆပ်သည့်အတွက် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် ULA နယ်မြေတရားရုံးတွင် ငွေကြေးရလိုမှုဖြင့် တရားလိုလုပ်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၃၀ ရက်က ULA တရားရုံးက မပြည့်ဖြိုးစံအား ထောင်ဒဏ်(၆)လ(သို့မဟုတ်) ချေးငွေများပြန်ဆပ်ရန် အမိန့်ချမှတ်ခဲ့ရာ ငွေပြန်ဆပ်ခဲ့ပြီး အမှုပြီးပြတ်ခဲ့ကြောင်း အဆိုပါ တရပ်ကွက်တည်းနေထိုင်သူက ပြောသည်။

" ULA/AA တရားရုံးကနေပြီးတော့ ထောင်ဒဏ် ခြောက်လကျခံရင်ခံ၊ မဟုတ်ရင်ပိုက်ဆံတွေ ပြန်ဆပ်ပေးဖို့အမိန့်ချမှတ်ခဲ့တယ်။ အဲဒီနေ့မှာပဲ ပိုက်ဆံတွေပြန်ဆပ်ပြီးတော့ အမှုပြီးပြတ်ခဲ့တယ်" ဟု ပြောသည်။

ထိုသို့ ULA တရားရုံးမှ အမှုပြီးပြတ်ပြီးနောက်မှ ဩဂုတ် ၂ ရက်နေ့တွင် မမိုးစန္ဒာကို စစ်ကောင်စီကဖမ်းဆီးပြီး မပြည့်ဖြိုးစံ၏ဖခင်ဖြစ်သူဦးသာလှက တရားလို ပြုလုပ်ကာ လူပြန်ပေးမှုပုဒ်မ ၃၆၅ အပါအဝင် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခဲ့ကြောင်း သူက ပြောသည်။

"သူတို့က မမိုးစန္ဒာကို လူပြန်ပေးမှုနဲ့စွဲတယ်။ ကျွန်တော်တို့သိရသလောက် ပြည့်ဖြိုးစံတို့မိသားစုကို အခုလိုတရားပြန်စွဲဖို့ စစ်ကောင်စီက တွန်းအားလို့ကြောင့်ပဲလို့ သိရတယ်။ ULA တရားရုံးကို ပြည့်ဖြိုးစံတို့မိသားစု တရားရင်ဆိုင်ဖို့လာတဲ့ကိစ္စကို သဘောဆန္ဒမပါဘဲသွားရတယ်ဆိုတဲ့ပုံစံမျိုးပေါ့" ဟု ပြောသည်။

လက်ရှိဖမ်းဆီးတရားစွဲခံထားရသည့် ကိုယ်ဝန်ဆောင် မိခင်မမိုးစန္ဒာအမှုနှင့် ပတ်သက်၍လည်း မိသားစုဝင်များက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ရန် စစ်ကောင်စီဘက်က ဖိအားပေးထားကြောင်း သိရသည်။

ပုဒ်မ ၃၆၅ သည် တစ်စုံတစ်ဦးအား မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ကျူးလွန်ခြင်း ဖြစ်ပြီး ပြစ်မှုထင်ရှားပါက မကျမနေရ အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ထိချမှတ်ခံရသည့်ပုဒ်မဖြစ်ကြောင်း ရခိုင်အခြေစိုက် တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

ULA/AA တရားရုံးက အမှုပြီးပြတ်ပြီးမှ မမိုးစန္ဒာအား စစ်ကောင်စီက ပြန်လည် ဖမ်းဆီးပြီး မပြည့်ဖြိုးစံတို့မိသားစုက တရားလိုလုပ်တရားစွဲဆိုသည့် အတွက် ULA/AA မှ မပြည့်ဖြိုးစံနှင့် ဖခင်ဦးသာလှတို့ကို ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် ည ၁၀ နာရီကျော်အချိန်က ပြန်လည် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ULA/AA  တာဝန်ရှိသူများအား နိရဉ္စရာ သတင်းဌာနက မေးမြန်းနေပြီး အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါ။  (NN-23)

ဆက်စပ် သတင်းများ