တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

ရခိုင်ရှိ ကျောင်းသူ ၈ သောင်းကျော်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးပေး


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

ရခိုင်ပြည်နယ်ရှိ အသက် ၉ နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသူမိန်းကလေးငယ် ၈ သောင်းကျော်ကို ယနေ့မှ စတင်ကာ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးပေးနေပြီဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့ရှိ စံပြရပ်ကွက်၊ မြို့သစ်ရပ်ကွက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းတို့တွင် ယနေ့  စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၁ဝ နာရီခွဲ၌ ကျောင်းသူ ၁ဝဝ ကျော်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက အခမဲ့စတင်ထိုးပေးနေခြင်းဖြစ်သည်

ရခိုင်မှ အမြို့မြို့အနယ်နယ်ကျေးရွာများရှိ ကျောင်းများသို့လည်း လာမည့်အပတ်အတွင်း သွားရောက်ထိုးပေးဦးမည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ကျောင်းသူ မိန်းကလေးငယ်များကို အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် Human Papilloma Virus (HPV) ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီ အချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်၍ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားခြင်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။



အဆိုပါကာကွယ်ဆေးသည် အမျိုးသမီးများတွင်အဖြစ်များသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်သလို ဆိုးကျိုးများမရှိသည့်အတွက် စိတ်ချလက်ချ ထိုးနှံကြရန်လည်း ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ အောင်စစ်ထွန်းက တိုက်တွန်းထားသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးအများစုတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့် အရွယ်မရောက်မီ လိင်ဆက်ဆံခံရသူများ၊ အရွယ်မရောက်မီအိမ်ထောင်ပြုသူများနှင့် အိမ်ထောင်ဆက်များသည့် အမျိုးသမီးများတွင် ပိုမိုအဖြစ်များလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

အရွယ်ရောက်ပြီးအမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်မီ ပြတတ်သော လက္ခဏာများမှာ အမျိုးသားနှင့်အတူနေချိန် သွေးဆင်းခြင်း၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းချိန် သွေးစပါလာခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အမျိုးသားနှင့် အတူနေစဉ် မိန်းမကိုယ်နာကျင်ခြင်း စသည်တို့ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်း၌ ၁၃ ဒသမ ၃ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးမှုမှာ ၆ ဒသမ ၉ ဦးရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ