တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

မာန်အောင်တွင် အရပ်သားတစ်ဦးကို PDF ဟု ဆိုကာ စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ရပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ မာန်အောင်မြို့ပေါ်တွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဗမာလူမျိုး ဦးစည်သူဖြစ်ပြီး မာန်အောင်တွင် နေထိုင်သည်မှာ ကြာနေပြီဟု သိရသည်။

စက်တင်ဘာ ၁၈ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က နေအိမ်အတွင်းမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု မာန်အောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"သူက ဟိုးအရင်ကတည်းက NLD ပါတီကို ထောက်ခံလာတဲ့သူ။ စစ်အာဏာ ဆန့်ကျင်ရေး သမားပေါ့နော်။ သူက ဆိုရှယ်မီဒီယာမှာ တင်တာတော့ ရှိတာပေါ့နော်" ဟုပြောသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် ဦးစည်သူကို ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

မာန်အောင်မြို့နယ်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် ဒေသခံအချို့အား ဖမ်းဆီးရန် စစ်ကောင်စီတပ်က လိုက်လံရှာဖွေမှုများနှင့် ဝရန်းပြေးစာများကပ်ခြင်းများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုရှိလာသည်ဟု ဒေသခံတစ်ဦးကပြောသည်။

"မာန်အောင်မှာ PDF နဲ့ဆက်စပ်တယ်ဆိုပြီး လိုက်ဖမ်းတာ၊ ဝရမ်းထုတ်တာတွေ အများကြီးတွေ့ရတယ်။ ဒေသခံတွေကိုလည်း သံသယနဲ့ဖမ်းဆီးတာတွေ ရှိတယ်"ဟုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် မာန်အောင်မြို့နယ်အတွင်း ဆန္ဒပြမှုများတွင်ပါဝင်သည့် လူငယ်များကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့သူအနည်းဆုံး ၁၀ ဦးခန့်ရှိပြီး သွားရောက်သတိပေးခံရသူ အယောက် ၃၀ ကျော်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သံတွဲမြို့နယ်ရှိ ပုရစ်နှင့် ရေကောက်ကျေးရွာဟောင်းနေရာ အနီးတဝိုက်တွင် PDF များကို ရှာဖွေသည်ဟုဆိုကာ စစ်ကောင်စီတပ်သားများ လှုပ်ရှားသွားလာမှုများရှိခဲ့သည်ဟု ဒေသခံများက နိရဥ္စရာကို ပြောဆိုထားသည်။

သံတွဲမြို့နယ်အပါအဝင် ရခိုင်ရှိ မြို့အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးအချို့အပါအဝင် လူမှုရေးလှုပ်ရှားသူအချို့နှင့် ဒေသခံအချို့သည် PDF နှင့်ဆက်စပ်ပြီး PDF အား ငွေကြေး ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည်ဟု သိရသည်။

ဦးစည်သူအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း)များဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။ ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

 (NN-11)

ဆက်စပ် သတင်းများ