ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရခိုင်တွင် တစ်နှစ်ကျော်အတွင်း မွတ်ဆလင်ဒုက္ခသည်စခန်းများမှ လူပေါင်း ၈ဝ ကျော် လူကုန်ကူးခံခဲ့ရဟုဆို


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 6.1k

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများမှ လူပေါင်း ၈ဝ ကျော် လူကုန်ကူးခံခဲ့ရသည်ဟု ဒုက္ခသည်စခန်းများမှ တာဝန်ခံများပြုစုထားသည့်စာရင်းအရ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ ယခု ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လအထိ တစ်နှစ်အတွင်း လူကုန်ကူးခံရသူ မွတ်ဆလင်ဒုက္ခသည် ၈၀ ကျော်ခန့်ရှိခဲ့သည်ဟု ဆိုသည်။

ယင်းအထဲတွင် စစ်တွေမြို့နယ်အတွင်း သက္ကယ်ပြင်ဒုက္ခသည် စခန်းမှ ၆ ဦး၊ အုန်းတောကြီး(မြောက်) ဒုက္ခသည်စခန်းမှ ၄ ဦး၊ အုန်းတောကြီး(တောင်) ဒုက္ခသည်စခန်းမှ ၁၅ ဦး၊ ဘောဒူဖဒုက္ခသည်စခန်းမှ ၁၁ ဦး၊ ပေါက်တောမြို့နယ်အတွင်း ငှက်ချောင်း ဒုက္ခသည်စခန်း(၁)မှ ၁၀ ဦး၊ ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ ၃၀ ဦးနှင့် မြေပုံမြို့ရှိ ဒုက္ခသည်စခန်းမှ ၅ ဦး၊ စုစုပေါင်း ၈၁ ဦးဖြစ်သည်။

 

သူတို့ထဲတွင် အမျိုးသမီးအများအပြားနှင့် အသက်မပြည့်သည့်ကလေးများပင် ပါဝင်သည်ဟု ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှ စခန်းတာဝန် ဦးကျော်ဇောက ပြောသည်။

"လူကုန်ကူးခံရသူတွေက အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ အသက်မပြည့်တဲ့ကလေးတွေရော ပါတယ်။ အလုပ်အကိုင် ရမယ်ဆိုပြီးခေါ်ရင် ကျွန်တော်တို့စခန်းတာဝန်ခံတွေကို အသိမပေးဘူး။ လိုက်သွားကြတယ်။ လမ်းတစ်ဝက်ရောက်ရင် လူကုန်ကူးတဲ့သူတွေက မိသားစုတွေဆီ ဖုန်းဆက်ခိုင်းတယ်။ သိန်းတစ်ထောင်၊ သိန်းနှစ်ထောင်နဲ့လာရွေးပါ။ မရွေးရင် သတ်ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့အထိရှိတယ်" ဟု ပြောသည်။

လူကုန်ကူးခံရသည့် ဒုက္ခသည်များမှာ ရခိုင်၌ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး  ကျပ်တည်းမှုတို့ကြောင့် ပြည်ပနိုင်ငံ၌ အလုပ်အကိုင်ရရှိမည်ဟုဆိုကာ ပွဲစားများ၏ လိမ်လည်ခေါ်ယူခြင်းခံရပြီး လူကုန်ကူးခံရခြင်းဖြစ်သည်။

ယင်းအပြင် စခန်းအတွင်းနေထိုင်သူအချို့ကလည်းမိမိတို့စခန်းမှ ဒုက္ခသည်များကို လိမ်လည်ကာ ရောင်းစားမှုများရှိနေသည်ဟု ပေါက်တောမြို့နယ်၊ ငှက်ချောင်းမွတ်ဆလင်စခန်း(၁)မှ စခန်းတာဝန်ခံ ဦးမောင်နုချေက ပြောသည်။



"စခန်းအတွင်းက လူတွေလည်း လူကုန်ကူးကြတာပဲ။ စခန်းကနေ မြေပုံအထိ စက်လှေနဲ့ ပို့တယ်။ အဲ့ဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် ပို့ပြီး ရောင်းစားလိုက်တယ်။ ပြီးရင် ပိုက်ဆံနဲ့လာရွေးခိုင်းတယ်။ စခန်းအတွင်းမှာ ဒီလိုလူမျိုးတွေရှိနေတာကိုတောင် သက်ဆိုင်ရာတွေကလည်း ဘာမှအရေးယူဆောင်ရွက်ပေးတာတွေမရှိပါဘူး" ဟု ပြောသည်။

ထို့အတူ လူကုန်ကူးခံရသည့်ဒုက္ခသည်စခန်းများတွင် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်၍ အသိပညာပေးမှုများမရှိသည့်အတွက် အသိပညာပေးများ မျှဝေသင်ကြားပေးရန် လိုအပ်နေသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

အမည်မဖော်လိုသည့် မွတ်ဆလင်ဒုက္ခသည်စခန်းတာဝန်ခံတစ်ဦးက "ကျွန်တော်တို့က လူကုန်ကူးမှုတွေချည်းဖြစ်နေတော့ လူကုန်ကူးမှုတွေ နောက်ထပ် ထပ်မဖြစ်ရအောင် တားဆီး ပေးစေချင်တယ်။ စခန်းအတွင်းက လူတွေကို အသိပညာပေးတွေ သင်ကြားပေးစေချင်တယ်။ အလုပ်အကိုင်ရမယ်ဆိုရင် မစဉ်းစားတော့ဘဲ အယုံလွယ်ပြီး လိုက်သွားရာကနေ လူကုန်ကူးခံရတာတွေများနေတယ်။ အဲဲ့ဒါတွေမဖြစ်ရအောင် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေက ဖြစ်ဖြစ် အသိပညာပေးတာတွေလုပ်ဆောင်ပေးစေချင်တယ်" ဟု ပြောသည်။

လူကုန်ကူးခံရသည့်ဒုက္ခသည်များမှာ လူကုန်ကူးသူများက တောင်းယူသည့်ငွေကြေးပမာကို ပေးဆောင်နိုင်လျှင် ပြန်လည်လွတ်မြောက်လာကြသူများရှိပြီး ငွေကြေးမတတ်နိုင်သည့် ဒုက္ခသည်အများစုမှာ အသက်ဆုံးရှုံးမှုအထိရှိနေသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်၊ ညအချိန်ကလည်း ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်ကျောင်းသားငယ် ၃ ဦးသည် အမည်မသိအဖွဲ့တစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။

တစ်ဦးလျှင် ကျပ်သိန်း ၁ဝဝ မပေးပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်ဟု ပြန်ပေးဆွဲအဖွဲ့က မိသားစုထံ ဆက်သွယ်ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သေးသည်။

 

အလားတူ ဇူလိုင်လ ၁ ရက်ကလည်း စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်) ဒုက္ခသည်စခန်းမှ မမောတ်ဆော်လိမ် (၁၆)နှစ်၊ ခေါင်းဒုက္ကာကျေးရွာမှ ဟာလာယာ၊ ဆော်ယောတ်တာမိန်နှင့် ဘောဒူဖကျေးရွာမှ တာဟာရ်ဆိုသူတို့ ၄ ဦးသည် ခေါင်းဒုက္ကာကျေးရွာမှ ဘိုင်တားယာဆိုသူက ရသေ့တောင်မြို့နယ်တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ယူပြီးနောက် လူကုန်ကူးခံလိုက်ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ