တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တောင်ကုတ်တွင် အဝေးသင်ကျောင်းသား/သူများအတွက် ထမင်းဟင်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်နယ်၊ တောင်ကုတ်တက္ကသိုလ်တွင် တက်ရောက်နေသည့် အဝေးသင် ကျောင်းသား/သူများ အဝေးသင်ကာလတွင် ငွေကြေးကုန်ကျသက်သာစေရန် ထမင်းဟင်းများကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ထိုသို့ ရောင်းချမှုကို တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ ဦးအောင်ဇေယျလမ်းရှိ ထမင်းဆိုင် တစ်ဆိုင်တွင် ယခု စက်တင်ဘာလအစောပိုင်းမှ စတင်ရောင်းချပေးနေခြင်းဖြစ်သည်ဟု သိရသည်။

“ အဝေးသင်ကာလ သီးသန့် ရောင်းချပေးနေတာ ဖြစ်ပါတယ်” ဟု ထမင်းဆိုင်ပိုင်ရှင် ဦးလှမြင့်က ပြောသည်။

အဆိုပါဆိုင်တွင် ကျောင်းသား/သူတစ်ဦးလျှင် ထမင်းတစ်နပ်ကို ကျပ်ငွေ ၁၅၀၀ ခန့်ဖြင့် စားသောက်ရ အဆင်ပြေအောင် ရောင်းချပေးနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


"နယ်ဝေးလာတဲ့ကျောင်းသားတွေအတွက် ကျောင်းသားမိဘတွေလည်း ငွေကုန်ကြေးကျ သက်သာအောင် အဓိကရည်ရွယ်ပြီးရောင်းပေးတာပါ။ ထမင်းတစ်နပ်ကို ၁၅၀၀ ကျပ်လောက်နဲ့ စားရအဆင်ပြေအောင် ရောင်းပေးပါတယ်။ အဝေးသင်ကာလအတွက် ရောင်းတာပေါ့" ဟု ပြောသည်။

ခေတ်ကာလအခြေအနေအရ ရခိုင်ဒေသတွင်လည်း ကုန်ဈေးနှုန်းကြီးမားပြီး အလုပ်အကိုင် ရှားပါးလွန်းသည့်အတွက် နယ်ဝေးမှလာသည့် ကျောင်းသား/သူများ ငွေကုန်ကြေးကျ သက်သာစေ ရန်ရည်ရွယ်ချက်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း ထမင်းဆိုင်ပိုင်ရှင် ဦးလှမြင့်က ပြောသည်။

အဆိုပါထမင်းဆိုင်တွင် ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ပုစွန်နှင့် အသားဟင်းများအပြင် မျှစ်၊ ချဉ်ပေါင်၊ အစိမ်းကြော်၊ ခရမ်းသီးချက် အစရှိသည့် အရံဟင်းများလည်း ရရှိနိုင်ပြီး စားသောက်ရ အဆင်ပြေအောင်လည်း သန့်ရှင်းလတ်ဆတ်စွာချက်ပြုတ်ရောင်းချပေးနေသည်ဟု သိရသည်။

"ကလေးတွေအနေနဲ့ ထမင်းဖြူဆိုရင် ငါးရာဖိုးဝယ်ရင် စားလောက်အောင်ရောင်းပေးတယ်။ အသားဟင်းတွေဆိုရင် တစ်တုံးကို ၅၀၀ လောက်နဲ့ လျှော့ပြီးပေးတယ်။ ငါးဟင်းတွေလည်း အဲဒီအတိုင်းပဲ။ အရံဟင်းတွေပါအဆင်ပြေအောင်လုပ်ပေးထားပါတယ်။ စျေးသက်သာပြီး စားသောက်ရေးလည်း အဆင်ပြေအောင်ပေါ့" ဟု ၎င်းက ပြောသည်။



ထိုသို့ ဈေးနှုန်းသက်သာဖြင့်ရောင်းချပေး၍ တစ်နေ့လျှင် ကျောင်းသား/ ကျောင်းသူ ၁၀၀ နီးပါးခန့်ထိ ဝယ်ယူမှုရှိနေကြောင်း သူက ပြောသည်။

နယ်ဝေးမှ ကျောင်းလာတက်သည့် အဝေးသင်ကျောင်းသားများအနေဖြင့် ထမင်းဆိုင်များတွင် လပေးစားလျှင်လည်း တစ်လလျှင် ကျပ် ၁ သိန်း ၈ သောင်းခန့်ကုန်ကျမှုရှိ၍ ယခုကဲ့သို့ ရောင်းချပေးနေသည်မှာ အဆင်ပြေကြောင်း သင်္ချာမေဂျာ၊ တတိယနှစ်အဝေးသင်ကျောင်းသား တစ်ဦးက ပြောသည်။

"ဆိုင်တွေမှာ ထမင်းစားရင်လည်း တစ်နပ်ကို ၃၀၀၀၊ ၃၅၀၀ လောက်တော့ ကုန်ကျပါတယ်။ လပေးစားရင်လည်း တစ်သိန်းရှစ်သောင်းလောက်တော့ ကုန်ပါတယ်။ အခုလိုဈေးနှုန်းသက်သာနဲ့ ရောင်းပေးတာကတော့ အဆင်ပြေတာပေါ့လေ" ဟု ပြောသည်။

တောင်ကုတ်တက္ကသိုလ်တွင် တောင်ကုတ်မြို့နယ်အပါအဝင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ ဂွစသည့်မြို့နယ်များမှ ကျောင်းသူ/သားများ လာရောက်ပညာသင်ယူလျက်ရှိသည်ဟု သိရသည်။  


တောင်ကုတ်တက္ကသိုလ် အဝေးသင်ပထမအသုတ် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒနှင့် ရုက္ခဗေဒ ဘာသာရပ်များ၏ လက်တွေ့သင်တန်း/ အနီးကပ်သင်တန်းကာလမှာ ဇန်နဝါရီလ ၂၁ ရက်မှ ဩဂုတ်လ ၈ ရက်အထိဖြစ်ပြီး စာမေးပွဲကာလမှာ လာမည့်အောက်တိုဘာလ ၂ ရက်မှ ၇ ရက်နေ့အထိဖြစ်သည်။

အဝေးသင်ဒုတိယအသုတ် အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ ဘာသာရပ်များ၏ လက်တွေ့သင်တန်း/ အနီးကပ်သင်တန်းကာလမှာ အောက်တိုဘာလ ၉ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး စာမေးပွဲကာလမှာ အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက်အထိဖြစ်သည်။

အဝေးသင်တတိယသုတ် မြန်မာစာ၊ သမိုင်းဘာသာရပ်များ၏ လက်တွေ့သင်တန်း/ အနီးကပ်သင်တန်းကာလမှာ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၉ ရက်အထိဖြစ်ပြီး စာမေးပွဲကာလမှာ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀ ရက်အထိဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ