တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အိန္ဒိယက တည်ဆောက်ထားသည့် စစ်တွေဆိပ်ကမ်းသစ်တွင် ပြည်တွင်းကမ်းရိုးတန်းသင်္ဘောများစတင်ဆိုက်ကပ်ခွင့်ပြု


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 822

အိန္ဒိယက တည်ဆောက်ထားသည့် စစ်တွေဆိပ်ကမ်းသစ်တွင် ပြည်တွင်းကမ်းရိုးတန်းသင်္ဘောများကို စတင်ဆိုက်ကပ်ခွင့်ပြုလိုက်ပြီဟု သိရသည်။

ယင်းသို့ ဆိုက်ကပ်ခွင့်ပြုလိုက်ခြင်းကို ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(RSCCI)က စက်တင်ဘာလ ၂ဝ ရက်၊ ည ၈ နာရီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း ဆိပ်ခံတံတား (စစ်တွေ ဆိပ်ကမ်း) ၌ ပြည်တွင်းကမ်းရိုးတန်းသင်္ဘောများ စတင် ဆိုက်ကပ်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်”ဟု RSCCI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင်္ဘောများ စတင်ဆိုက်ကပ်ရန် လိုအပ်သောအကြံအဉာဏ်များကိုလည်း RSCCI အသင်းထံ ရယူနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါစစ်တွေဆိပ်ကမ်းကို ပြီးခဲ့သည့် မေလ ၉ ရက်တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။



ယင်းသို့ဖွင့်လှစ်ပြီးနောက် မေလ ၁၄ ရက်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် အဆိုပါဆိပ်ကမ်းကို စစ်ကောင်စီ၏ ရေကြောင်းမှလာသည့် လေဘေးကယ်ဆယ်ရေးရေယာဉ်များအတွက် အသုံးပြုနေခဲ့ရ၍ အခြားရေယာဉ်များ ဆိုက်ကပ်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် အဆိုပါဆိပ်ကမ်း၌ နိုင်ငံတကာကုန်သင်္ဘောများနှင့် စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ကုန်သင်္ဘောများအပါအဝင် ပြည်တွင်းရေကြောင်းသင်္ဘောများ ဆိုက်ကပ်ခွင့်ကို စစ်ကောင်စီက ခွင့်ပြုပေးထားပြီဖြစ်သည်။

စစ်တွေဆိပ်ကမ်းသည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်စည်များ တိုက်ရိုက်ကူးသန်းနိုင်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင်ပါဝင်သည့် ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ထိုဆိပ်ကမ်းကို ၂ဝဝ၉ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာသန်း ၁၂ဝ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

တည်ဆောက်ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် စစ်တွေဆိပ်ကမ်းမှတဆင့် ဆန်တန်ချိန် ၂၆ဝဝ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစမ်းသဘောမျိုး ပို့ဆောင်ပေးနိုင်ခဲ့သည်ဟုလည်း သိရသည်။

စစ်တွေဆပ်ကမ်းပါဝင်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကိုလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို စစ်တွေမှ ပလက်ဝအထိ ရေကြောင်းမှ ကုန်ပစ္စည်းများကို ပို့ဆောင်ရန်နှင့် ပလက်ဝမှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်သို့ ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ရေကြောင်းမှ ကုန်ပစ္စည်းများပို့ဆောင်နိုင်ရန် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် ဆိပ်ကမ်းတစ်ခုစီကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်မှ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိသော နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်နေပြီဖြစ်သည်။

အဆိုပါကားလမ်းဖောက်လုပ်ပြီးစီးရန် အချိန်အနည်းငယ်ကြာဦးမည်ဖြစ်ပြီး ယင်းကားလမ်း ဖောက်လုပ်ပြီးစီးပါက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

အဆိုပါ စီမံကိန်း တည်ဆောက်ပြီးစီးပါက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများနှင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသများကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဟု နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။ (NN-16)

ဓာတ်ပုံ - RSCCI

ဆက်စပ် သတင်းများ