Preview

ကျေးရွာပေါင်း ၈ ရွာခန့် အားထားနေ၇သည့် နကန်-မြောက်ဦးလမ်း ပျက်စီးနေ၍ ဒေသခံများ သွားလာရ အခက်ကြုံ

စက်တင်ဘာ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :1667
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာပေါင်း ၈ ရွာခန့်အားထားနေ၇သည့် နကန်-မြောက်ဦး လမ်းပိုင်းသည်  ဆိုးရွားစွာ ပျက်စီးနေသည့်အတွက်ကြောင့် ဒေသခံများ သွားလာရ အခက်ကြုံ နေကြရသည်ဟု သိ၇သည်။

နကန်-မြောက်ဦးလမ်းတွင် နကန်ကျေးရွာမှ ပုဇွန်ဖေကျေးရွာသို့ဆက်သွယ်ထားသည့် အရှည် ၂ မိုင်ခန့်ရှိ မြေသားလမ်းပိုင်းနှင့် ပုဇွန်ဖေကျေးရွာမှမြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်သို့ ဆက်သွယ် ထားသည့် အရှည် ၂ မိုင် ၄ ဖာလုံရှိ ကျောက်ချောလမ်းပိုင်းမှာယခုမိုးရာသီတွင် ပျက်စီးနေ၍ ဒေသခံပြည်သူများမှာ အခက်အခဲများနှင့်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ပုဇွန်ဖေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမြကနိရဉ္စရာသတင်းဌာနကိုပြောသည်။

“အင်းခွက်တွေ၊ ချိုင့်ခွက်တွေဖြစ်နေတယ်။ ပြီးတော့ကျောက်ချောတွေမရှိတော့လို့ လမ်းက အရမ်းကြမ်းပါတယ်။ ကျောက်ချောလမ်းကနေ ကြာသွားတော့လမ်းက ကြမ်းသွားတာပါ။ နကန်ဘက်က လမ်းဆိုရင် မြေသားလမ်းပဲ ရှိပါသေးတယ်။အဲဒီရွာနဲ့ဆိုရင် ချောင်းတစ်ချောင်း ခြားပါတယ်။ စက်လှေနဲ့ ကူး၇ပါတယ်”ဟု ဆိုသည်။

အဆိုပါ နကန်-မြောက်ဦး လမ်းပိုင်းကို ပုဇွန်ဖေ၊ နားကန်၊ ဘာညို၊တောဘွေ၊ ငခေါ်ရွာ၊ မင်္ဂလာစည်၊ စုပ္ပါ၊ မညင်းချောင်း အစရှိသည့် ကျေးရွာ ၈ ရွာမှဒေသခံပြည်သူများမှ အားထားကာ မြောက်ဦး မြို့ပေါ်သို့ လူမှုရေး၊ စီးပွားရေး၊ပညာရေးနှင့် ကျန်းမာရေးအတွက် သွားလာနေကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

နကန်ကျေးရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလက ရွာသားများ၏ထည့်ဝင်ငွေဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင်ခဲ့သည့် နကန်-ပုဇွန်ဖေ မြေသားလမ်းမှာလည်းယခုမိုးရွာသီတွင် လမ်းများပြတ်တောက်ကာ ရွှံ့အိုင်ဗွက်အိုင်များဖြစ်နေသည့်အတွက်သွားလာမရဖြစ်နေ၍ ရွာသားများ လွန်စွာ အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

နကန်ကျေးရွာမှ ရပ်မိရပ်ဖ ဦးစိန်ရွှေမောင်က “ဒီလမ်းတော့ရွှံ့ကျွံတယ်။ ရေပြည့်တဲ့အတွက်ကြောင့်။ သွားလာလို့ မရနိုင်ဘူး။ ဆိုင်ကယ်လည်း သွားလာလို့မရဘူးဒီအချိန်မှာ။ ခြေလျင်သွားကြရတယ်။ ပြီးတော့ ချောင်းကူးရတယ်။ ပြီးမှ မြောက်ဦးကိုဆိုင်ကယ်ပဲဖြစ်ဖြစ်၊ အိန္ဒိယသုံးဘီးပဲဖြစ်ဖြစ် ငှားသွားကြရတယ်” ဟု ပြောသည်။

ယင်းအပြင် လမ်းပျက်စီးနေသည့်အတွက် မြောက်ဦးမြို့ပေါ်မှဈေးသွားဝယ်ပြီး ပြန်လာလျှင် အထုပ်အပိုးများကို ရွှံ့အိုင်များကြားထဲမှ ခက်ခက်ခဲခဲထမ်းပိုးကာ သယ်ဆောင်ရသည့်အတွက် အဆင်မပြေမှုများဖြစ်ရသည်ဟုလည်း နကန်ကျေးရွာမှဒေါ်အောင်မညိုက ဆိုသည်။

“အထုပ်အပိုးတွေနဲ့ ပုဇွန်ဖေကနေ ထမ်းသယ်ပြီး လာကြရတယ်။ ဆိုင်ကယ်လည်းစီးလို့မရတော့ ခြေလျင်ပဲ လျှောက်လာရတယ်။ အခုက လမ်းတွေက ပြတ်နေတယ်။မြေသားလမ်းတွေပြတ်နေတယ်။ ဒါကြောင့် ဆိုင်ကယ်တွေ သွားလို့မရဘူး။ အခက်အခဲကထမ်းလို့သယ်လို့မပါ၊ လေးတယ်။ ခြေလျင်လာရတော့ ပင်ပန်းတာပေါ့”ဟုဆိုသည်။

လမ်းပျက်စီးနေ၍ မြောက်ဦးမြို့ပေါ်တွင် ဆေးခန်းသွားပြရန်အတွက်လည်း အဆင်မပြေမှုများရှိသည့်အတွက် ဆေးမြီးတိုများဖြင့် ကုသနေကြရကာ တခြားနေရာမှ ဆေးမှူးများရောက်မှသာဆေးခန်းပြကြရသည်ဟု ဒေသခံများက ပြောသည်။

နကန်ကျေးရွာမှ ဒေါ်အောင်မညိုက “နေမကောင်းဖြစ်လာရင်လည်းဆိုင်ကယ်နဲ့လည်း သွားလို့မရတော့ ခြေလျင်လည်း ဘယ်လိုသွားမလဲ။ ရွာမှာဆေးခန်းတွေလည်းမရှိဘူး။ တခြားနေရာက ဆေးမှူးတွေ ရောက်မှ ပြကြ၇တယ်”ဟု ဆက်ပြောသည်။

အဆိုပါ နကန်-မြောက်ဦးလမ်းပိုင်းထဲမှ နကန်-ပုဇွန်ဖေလမ်းနှင့်ပုဇွန်ဖေ-မြောက်ဦး လမ်းပျက်စီးနေသည့် ကိစ္စကို သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများက မြောက်ဦး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကိုတင်ပြတောင်းဆိုထားကြောင်း သိရသည်။

လာမည့်နွေရာသီတွင် ပုဇွန်ဖေ-မြောက်ဦးကျောက်ခင်းလမ်းပိုင်းကိုကွန်ကရစ်လမ်းအဖြစ် ခင်းပေးသွားမည်ဟု အဆိုပါဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သူကပြောခဲ့သည်ဟုပုဇွန်ဖေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမြက ပြောသည်။

နကန်-ပုဇွန်ဖေလမ်းပိုင်း ပြုပြင်ပေးမည့်ကိစ္စကိုမူအကြောင်းမပြန်လာသေး၍ ကျေးရွာသားများမှာ ပြီးခဲ့သည့် ဧပြီလက ရွှံ့မြေများကို ကိုယ်ထူကိုယ်ထဖို့ကာမြေသားလမ်းအဖြစ် ပြုပြင် မွမ်းမံခဲ့ကြသည်ဟု သိရသည်။

သို့ရာတွင် အဆိုပါလမ်းပိုင်းသည် ယခုနှစ် မိုးရာသီတွင်ရွှံ့ဗွက်အိုင်များဖြစ်ကာ လမ်းများပြတ်တောက်နေသည့်အတွက် ကျေးရွာသားများ သွားလာရ ခက်ခဲနေကြခြင်းဖြစ်သည်ဟုသိ၇သည်။ (NN-3)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.