ရခိုင်ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်
(UNESCO) စာရင်းတင်သွင်းနိုင်ရေးအတွက်
စစ်ကောင်စီ၏
ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေကြောင်း သတင်းရရှိသည်။
ယင်းသို့တင်နိုင်ရေးအတွက်ကိုလည်း ပြီးခဲ့သည့်
စက်တင်ဘာလ ၁၄ ရက်က စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ပြတိုက်တာဝန်ရှိသူများက
စစ်တွေရှိ စာရေးဆရာများအနက် ဆရာစစ်တွေညိုသန့်၊ ဆရာလွမ်းပြေအောင်နှင့်
ဆရာခိုင်မော်ကွန်းတို့ ၃ ဦးကို ရခိုင်ရိုးရာ သင်္ကြန်နှင့်ပတ်သက်ပြီး
အလွတ်သဘောဆွေးနွေးမှုတစ်ခုပြုလုပ်ပေးခဲ့သည်ဟု သိရသည်။
ဆရာခိုင်မော်ကွန်းက
"မြန်မာ့ရိုးရာကို ထိုင်းနိုင်ငံကနေ ထိုင်းရိုးရာဖြစ်ကြောင်း ယူနက်စကိုမှာ တင်ဖို့လုပ်နေကြတယ်။ ထိုင်းမှာလည်း
ထိုင်းမှာရှိတဲ့ထိုင်းရိုးရာ၊ မြန်မာမှာလည်း မြန်မာမှာရှိတဲ့ရိုးရာ၊ ရခိုင်မှာလည်း
ရခိုင်မှာရှိတဲ့ရိုးရာရှိတဲ့အကြောင်းကို ယဉ်ကျေးမှုဌာနက ဒေသခံပညာရှင်တွေနဲ့ ထွက်ဆိုချက်၊
ဆွေးနွေးချက်တွေကိုလိုချင်တယ်ဆိုလို့ အဲဒီပြတိုက်မှာ
ဆွေးနွေးပွဲလုပ်ဖြစ်တာပါ" ဟုပြောသည်။
အဆိုပါဆွေးနွေးမှုတွင်
ရခိုင်ရိုးရာသင်္ကြန်ပွဲသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ကျင်းပသည့် သင်္ကြန်ပွဲပွဲနှင့်မတူဘဲ
တမူထူးခြားမှုရှိသည့်အချက် ၅ ချက်ကို အဓိကထားဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ယင်းအချက်များမှာ သင်္ကြန်အကြို
ပထမနေ့ ဧပြီလ ၁၂ ရက်နေ့တွင် ရခိုင်ရိုးရာနံ့သာသွေးခြင်း၊ ဒုတိယနေ့
သွေးယူထားသည့် နံ့သာရေများဖြင့် ဧပြီလ ၁၃ ရက်တွင် ဘုရားရေသပ္ပာယ်ပူဇော်ခြင်း၊
တတိယနေ့ ဧပြီ ၁၄ ရက်မှ ဆဋ္ဌမနေ့ ဧပြီလ ၁၇ ရက်နေ့အထိမှာ
ရိုးရာလောင်းလှေများဖြင့် ရေကစားခြင်းနှင့် ကာလသားများက မြို့/ရွာတွင်
နွားလှည်းများနှင့် လှည့်ပတ်ပြီး အိုးစည် ဗုံမောင်းတိတီးမှုတ်ကာ
သံချပ်ထိုးခြင်းများကို ပြုလုပ်တတ်ကြသည်။
ပဥ္စမနေ့ ဧပြီလ
၁၆ ရက်နေ့တွင် သင်္ကြန်အတက်နေ့ဖြစ်သောကြောင့် ယင်းနေ့ကျရောက်သော ရက်သားများအတွက်
ကံဇာတာ အားနည်းမှု၏ နိမိတ်ရက်အဖြစ် အစာတက်နေ့ဟု သတ်မှတ်တတ်သည်။ ယင်းနေ့
မနက်ပိုင်းတွင် ဆွမ်းပို့/မုန့်လှူခြင်း၊ ညနေပိုင်းတွင် ဘုရားစေတီရှိရာသို့သွားရောက်ပြီး
မိမိ၏ ဂြိုဟ်နံဘုရားကို ရေချမ်းအိုး သက်စေ့ပူဇော်မှုပြုလုပ်ခြင်း တို့ကို လုပ်ဆောင်ကြသည်။
ဆဋ္ဌမနေ့ ဧပြီလ ၁၇
ရက်နေ့တွင် နှစ်ဆန်းတစ်ရက်အဖြစ် သတ်မှတ်ချက်အရ ကုသိုလ်ကောင်းမှု အသီးသီးပြုလုပ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊
ငါးရှင်လွှတ်ခြင်း၊ အိမ်ရှေ့တွင် ဦးခေါင်းဆေး မင်္ဂလာပြုပြီး
အတာအိုး ထားရှိခြင်းစသည့် ရခိုင့်ရိုးရာကိုယ်ပိုင်ဟန်များကို ပြုလုပ်တတ်ကြကြောင်း ဆွေးနွေးခဲ့ကြသည်ဟု
သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး
ရခိုင်ပြည်နယ်အမျိုးသားပြတိုက်နှင့်ယဉ်ကျေးမှုဦးစီးဌာနသို့ နိရဉ္စရာက
ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းဌာနများ၏မေးမြန်းချက်များကို
နေပြည်တော်သို့တင်ပြရမည်ဖြစ်ပြီးယင်းမှ
ခွင့်ပြုချက်ရမှသာ ဖြေကြားပေးနိုင်မည်ဟု တုံ့ပြန်ခဲ့သည်။
ယခုကဲ့သို့
ရခိုင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်အကြောင်းကို ယူနက်စကိုသို့တင်သွင်းပြီး
ယူနက်စကိုကလည်း အသိအမှတ်ပြုလျှင် ရခိုင်တစ်မျိုးသားလုံးအတွက် အလွန်တရာ
ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်ဟု စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ
ဦးကိုလေးက ပြောသည်။
"ရခိုင်ရိုးရာသင်္ကြန်ကို
ယူနက်စကိုကအသိမှတ်ပြုတယ်ဆိုရင် ရခိုင်ပြည်မှာ ဒီလိုရိုးရာ သင်္ကြန်ရှိတယ်ဆိုတာက ငါတို့
ရခိုင်သားတွေလည်း ဖော်ထုတ်လို့ရတယ်။ ယူနက်စကိုကလည်း အသိမှတ်ပြုမယ်ဆိုရင်
ကောင်းပါတယ်" ဟု နိရဉ္စရာကိုပြောသည်။
ရခိုင်ရိုးရာသင်္ကြန်ပွဲသည်
ရခိုင်တွင် ဓညဝတီခေတ်မှစတင်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းမှတ်တမ်းများအရ
သိရသည်။
မဟာသက္ကရာဇ် ၁၂၃
ခုနှစ်တွင် ရခိုင် ဓညဝတီပြည့်ရှင် ဘုရင်စန္ဒသူရိယက မဟာမုနိ ဆင်းတုတော်မြတ်ကို သွန်းလုပ်ပြီးစီးသည့်အခါ တိုင်းသူပြည်သားများက ကြိုတင် သွေးယူထားကြသည့် နံ့သာရေများဖြင့် ဆင်းတုတော်အားပက်ဖြန်းကြပြီး
ပိုလျှံသည့် နံ့သာရေများဖြင့် ပြည်သူပြည်သားများကိုယ်တိုင်
ဝမ်းမြောက်ပျော်ရွှင်ပြီး တစ်ဦးနှင့်တစ်ဦး ပက်ဖြန်းခဲ့ကြရာမှ ရခိုင်ရိုးရာ သင်္ကြန် ရေကစားမှု စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု
ရခိုင်စာပေနှင့်
ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ
တာဝန်ရှိသူများ၏ပြောပြချက်များအရ သိရသည်။
ယင်းအပြင်
ရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွင် အခြားတိုင်းနှင့် ပြည်နယ်များရှိ
သင်္ကြန်ပွဲတော်များနှင့်
မတူသည့်အချက်တစ်ခုမှာ
လောင်းလှေများတွင် ရေများဖြည့်ကာ ရခိုင်လှပျိုဖြူများနှင့် ကာလသားများက
အချင်းချင်း ရေပက်ကစားတတ်ကြခြင်းဖြစ်သည်။
ရခိုင်ဒေသသည်
မြစ်ချောင်းအင်းအိုင်ပေါများပြီး ရေလုပ်ငန်းကို
အဓိကထားလုပ်ကိုင်ကြသည့်အတွက် လောင်းလှေများ ပေါများစွာရှိနေသည့်အတွက်
ရေပက်ကစားကြရာတွင် ယခုကဲ့သို့ လောင်းလှေများကို အသုံးပြုကြခြင်းဖြစ်သည်ဟုလည်း
သိရသည်။
ရခိုင့်ရိုးရာသင်္ကြန်ပွဲတော်ကို ယူနက်စကိုဝင်ရောက်နိုင်ရန်အတွက်
လူငယ်များအနေဖြင့်လည်း ရခိုင်သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်မှုများနှင့်
သောက်စားမူးယစ်ခြင်းများကို အလွန်အကျွံမလုပ်သင့်ဘဲ ဆင်ခြင်သင့်သည်ဟု
ရခိုင့်ယဉ်ကျေးမှုမြတ်နိုးထိန်းသိမ်းသူများက ထောက်ပြပြောဆိုကြသည်။
ရခိုင်တွင်
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သည့် မြောက်ဦးဒေသကိုလည်း ယူနက်စကို စာရင်းဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိသော်လည်း စစ်တပ် အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ယူနက်စကိုက အဆက်အသွယ်မလုပ်တော့ဟု သိရသည်။