သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မာန်အောင်မှ ဦးစည်သူအောင်ကို ဖမ်းဆီးရခြင်းမှာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင်ပြုလုပ်၍ဟု စစ်ကောင်စီပိုင်သတင်းစာများကစွပ်စွဲဖော်ပြ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင်(ခ) ဦးခေါင်းဖြူကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီပိုင် သတင်းစာများတွင် ယ​နေ့ စွပ်စွဲဖော်ပြသည်။

မာန်အောင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ဦးစည်သူအောင်(ခေါ်)ဦးခေါင်းဖြူကို နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအား ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တစ်ခြား ပြည်သူအများအပြားကိုလည်း ထိုကဲ့သို့ နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်ဆောင်၍ ဖမ်းဆီးကြောင်း သတင်းတွင် ဖော်ပြထားသည်။

အသက် ၅၀ ကျော်အရွယ် ဗမာလူမျိုး ဦးစည်သူအောင်(ခေါ်)ဦးခေါင်းဖြူကို စက်တင်ဘာ ၁၉ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နေအိမ်အတွင်းမှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မာန်အောင်မြို့ခံများက ပြောသည်။

ယင်းသို့ ဖမ်းဆီးပြီးနောက် မာန်အောင်မြို့မရဲစခန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရပြီးနောက် ယနေ့ စက်တင်ဘာလ ၂၂ ရက်အထိ မိသားစုနှင့်တွေ့ဆုံခွင့်မရသေးဟုလည်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ဦးစည်သူအောင်သည် မာန်အောင်မြို့မစျေးအနီးတွင် မေဃသစ္စာ ဖုန်းအရောင်းဆိုင်နှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။

ဦးစည်သူအောင် အမှုဖွင့်ခံထားရသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း)များဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။

ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

မာန်အောင်မြို့နယ်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် ဒေသခံအချို့အား ဖမ်းဆီးရန် စစ်ကောင်စီတပ်က လိုက်လံရှာဖွေမှုများနှင့် ဝရန်းပြေးစာများကပ်ခြင်းများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုရှိလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်အပါအဝင် ရခိုင်ရှိ မြို့အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးအချို့အပါအဝင် လူမှုရေးလှုပ်ရှားသူအချို့နှင့် ဒေသခံအချို့သည် PDF နှင့်ဆက်စပ်ပြီး PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည်ဟု သိရသည်။ (NN-11)

ဓာတ်ပုံ - ဖမ်းဆီးအမှုဖွင့်ခံရသည့် ဦးစည်သူအောင် အားတွေ့ရစဉ်။ (Photo - Sithu Aung Facebook)

ဆက်စပ် သတင်းများ