သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၄ ဦး စစ်တွေတွင် ဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင် ၄ ဦးအား စစ်တွေတွင် ယနေ့ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်

ဖမ်းဆီးခံလိုက်ရသူများမှာ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာမှ အဘူရော်ရှီး(၂၈)နှစ်၊ မောင်တောမြို့နယ်၊ လဘော်ဇာကျေးရွာအုပ်စု၊ အဂျာကျေးရွာမှ မာမတ်တူဆောင်း(၇၅)နှစ်၊ ဂျာမာဟူစိန်(၅၀)နှစ်နှင့် မောင်တောမြို့နယ်၊ ဇင်ပိုင်ညှာကျေးရွာအုပ်စု၊ ချွေတာပြင်ကျေးရွာမှ မာမတ်ရှော်ရိစ်(၆၅)နှစ်တို့ဖြစ်ကြသည်ဟု သိရသည်။

သူတို့ကို ယနေ့ စက်တင်ဘာလ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ဘုမေကျေးရွာရှိ စစ်တွေ-ပလ္လင်ပြင် သွားလမ်းနှင့် ဘုမေကျေးရွာအုပ်စု၊ မှန်စီ-သက္ကေပြင်သွားလမ်းဆုံတို့တွင် မှန်စီရဲစခန်းက ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဖမ်းမိခဲ့သူများအားစစ်ဆေးမှုတွင်ပါဝင်ခဲ့သည့် ဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။

“သူတို့က မောင်တောကိုဝင်မယ်လို့ စက်လှေသမားကိုပြောတယ်တဲ့။ စက်လှေသမားက မောင်တောဆိုပြီးတော့ စစ်တွေကို တင်ပေးခဲ့တာ။ ပလ္လင်ပြင်ကနေ တင်ပေးခဲ့တာ။ ပလ္လင်ပြင်ကို မနက် ၆ နာရီလောက်ကနေ ရောက်တယ်။ ၁ဝ နာရီလောက်၊ ၁၁ နာရီကျော်ကျော်လောက်မှာ နှစ်ဘီးမှာတင်ပြီးတော့ မှန်စီလမ်းဆုံမှာ သူတို့ကို ချပေးခဲ့တယ်။ သူတို့က အဲလိုမျိုး မှန်စီလမ်းဆုံမှာ ထိုင်နေတယ်။ ဘုမသိ၊ ဘာမသိပေါ့။ ဘယ်ကိုသွားမလဲ။ အဲလိုမျိုး လူတွေဝိုင်းအုံလာတော့မှ သူတို့ကို မှန်စီစခန်းက ခေါ်သွားတာပါ”ဟု ပြောသည်။

ဖမ်းမိခဲ့သူ ၄ ဦးအနက် ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာမှ အဘူရော်ရှီးဆိုသူမှာ ၂၀၁၂ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိရာမှ မလေးရှားနိုင်ငံသို့ ထပ်မံသွားရောက်ရန် တက္ကနာပ်ဖ်မြို့မှ စက်လှေဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အလားတူ နောက်ထပ် ၃ ဦးမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ပြီးနောက် စက်လှေဖြင့် မောင်တောသို့ တရားမဝင် ပြန်လည်ဝင်ရောက်လာစဉ် စက်လှေသမား၏လိမ်လည်မှုကြောင့် စစ်တွေတွင် သောင်တင်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သူတို့ ၄ ဦးအား လဝကအက်ဥပဒေဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားပြီး ပို့ဆောင်ပေးသည့် ဆက်စပ်တရားခံများကို ဖမ်းဆီးနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ဝ ရက်နှင့် ၂၁ ရက်ကလည်း မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသည့် ၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့အပါအဝင် မွတ်ဆလင် ၅ ဦးကို ဖမ်းမိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ