ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဆရာမ ဒေါ်နှင်းယုနွယ်အသတ်ခံရမှု အဓိက သံသယရှိသူ ၂ ဦးအနက် တစ်ဦး ထွက်ပြေးလွတ်မြောက်သွားဟု ULA/AA ထုတ်ပြန်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 956

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အသတ်ခံရမှု အဓိက သံသယရှိသူ ၂ ဦးအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်၊ ညနေ ၆ နာရီကျော်တွင် ULA/AA ၏ “ဆရာမ နှင်းယုနွယ် အသတ်ခံရမှု စုံစမ်းစစ်ဆေးဖော်ထုတ်နေမှုအခြေအနေ” ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင်၁၇/ ၉/ ၂၀၂၃ နေ့မှစပြီး အဓိက သံသယရှိသူ ၂ ဦးနှင့် ဆက်စပ်သံသယရှိသူ ၁ ဦးကို စစ်ဆေးလျက်ရှိ။ စစ်ဆေးနေစဉ်အတွင်း တာဝန်ကျလုံခြုံရေးတပ်ဖွဲဝင်များ၏သတိပေါ့ဆမှုကြောင့် အဓိကသံသယရှိသူ ၂ ဦးထဲမှ မောင်မောင်အေးဆိုသူ ၁၉/၉/၂၀၂၃ နေ့၊ ည ၉ နာရီခွဲခန့်တွင် ထွက်ပြေးလွတ်မြောက်။ အဆိုပါထွက်ပြေးလွတ်မြောက်နေသည့် အဓိကသံသယရှိသူ မောင်မောင်အေးအားပြန်လည်ဖမ်းဆီးရမိရေးနှင့် တရားခံအစစ်အမှန်ပေါ်ပေါက်ရေးအတွက် မိမိတို့ ULA/AA အနေဖြင့် အစွမ်းကုန်ဆက်လက်ကြိုးပမ်းလျက်ရှိပါတယ်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် အသတ်ခံရသူ ဆရာမ ဒေါ်နှင်းယုနွယ်အလောင်းကို မျက်မြင်စတင်တွေ့ရှိသူ သက်သေ ၆ ဦးကိုလည်း ခေါ်ယူမေးမြန်းစစ်ဆေးလျက်ရှိသည်ဟု ULA/AA က ဆိုထားသည်။

အသက် ၃၇ နှစ်အရွယ် ဆရာမ ဒေါ်နှင်းယုနွယ်သည် သူနေထိုင်ရာ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

လည်ပင်းကို လှီးဖြတ်ခံထားရသည့်ဒဏ်ရာဖြင့်သေဆုံးနေသည့်ဆရာမ၏အလောင်းကို ယင်းနေ့၊ နံနက် ၁၁ နာရီခန့်တွင် ပန်းဖော်ပြင်ကျေးရွာနှင့် ကျွန်းပေါ်ပေါက်တောလမ်းမကြီးပေါ်၌ တွေ့ရှိခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

ကျူးလွန်သူများကိုအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပေးရန်နှင့် ထိုက်သင့်သောပြစ်ဒဏ်ပေးရန်လည်း ပညာရေးအသိုင်းအဝိုင်းတစ်ခုလုံးနှင့် ရခိုင်ပြည်သူများက တောင်းဆိုနေကြသည်။ 

 

ဆက်စပ် သတင်းများ