တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ရခိုင်တွင် မိုခါကြောင့် ပြိုပျက်သွားသည့်ဘာသာရေးအဆောက်အအုံအများစု ပြန်မပြင်နိုင်သေး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

(စစ်ကောင်စီအကူအညီမရကြ၍ စုပေါင်းအလှူများနှင့် ကိုယ်ထူကိုယ်ထပြုပြင်နေကြရ)

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သည့် ဘာသာရေးအဆောက်အအုံအများစုကို ပြန်လည်ပြုပြင်ရန် စစ်ကောင်စီ၏အကူအညီမရကြ၍ မုန်တိုင်းအပြီး ၄ လကျော်ကြာသည့်တိုင် ပြုပြင်မှုမပြီးစီးနိုင်ဖြစ်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီထံမှ ကူညီထောက်ပံ့မှု မရရှိသေးသဖြင့် စုပေါင်းအလှုများနှင့် ကိုယ်ထူကိုယ်ထ ပြုပြင်နေရကာ ငွေကြေးမလုံလောက်မှုကြောင့် ပြုပြင်တည်ဆောက်မှုများ မပြီးစီးနိုင်သေးဘဲဖြစ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်တွေမြို့၊ ဝေသာလီမိုးကုတ်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က "ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေက များတယ်။ သိမ်တွေ၊ ဓမ္မာရုံတွေလည်းအကုန်ပျက်စီးသွားတယ်။ ပြန်လည် ပြုပြင်မယ်ဆို သိန်းထောင်နဲ့ချီကုန်ကျနိုင်တယ်။ တကာ/မတို့ရဲ့ စုပေါင်းအလှူတွေနဲ့ ကိုယ်ထူကိုယ်ထဆိုသလို ပြန်ပြုပြင်နေရတယ်" ဟု မိန့်သည်။

အဆိုပါကျောင်းတွင် သိမ်၊ ဓမ္မာရုံနှင့် ဘုရားကျောင်းအဆောက်အအုံတို့အပါအဝင် အဆောက်အအုံ ၁၂ ခုခန့် ပျက်စီးသွားသည်ဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင်း ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ခရစ်ယာန် စသည့်ဘာသာရေးအဆောက်အအုံ အများအပြားမှာ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ကြသည်။

ယင်းအနက် ပျက်စီးသွားသည့် ဘာသာရေးအဆောက်အအုံ ၄၀ ကျော်ကို စစ်ကောင်စီက ဦးစားပေးအနေဖြင့် ကူညီထောက်ပံ့မှုများပြုလုပ်သွားမည်ဟု ပြောဆိုခဲ့၍ သာသနာရေးဌာနက ပျက်စီးသွားသည့်အဆောက်အအုံများ၏ တန်ဖိုးစာရင်းများကို လာရောက်ကောက်ယူသွားမှု ရှိခဲ့သည်ဟု သိရသည်။

သို့သော်လည်း ယခုအချိန်ထိ မည်သည့်ကူညီထောက်ပံ့မှုမှ မရရှိသေးဟု စစ်တွေမြို့၊ ဝေသာလီ မိုးကုတ်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က ဆက်မိန့်သည်။

"ဆရာတော်ကတော့ သိန်းရှစ်ရာလောက်တင်လိုက်တယ်။ အမှန်တကယ်လိုအပ်တာက သိန်းနှစ်ထောင်ကျော်လောက်လိုမယ်။ ဓမ္မာရုံတစ်ခုပြန်ဆောက်မယ်ဆိုရင်တောင် အခုကာလဈေးနဲ့ သိန်းနှစ်ထောင်လောက်ကုန်ကျမယ်။ ဒါတောင် ပျက်စီးသွားတာကို ပြန်ပြုပြင်မှာ။ အစိုးရကိုတော့ လျှော့ပေါ့ပြီးတင်လိုက်တာ။ အပြည့်တင်လည်း အပြည့်ရမှာမဟုတ်ဘူး။ သွပ်ပြားအချပ် တစ်ရာ့ငါးဆယ်ရမယ်လို့ပြောတယ်။ တကယ်တမ်းရလာတော့ သွပ်အချပ်ငါးဆယ်နဲ့ သစ်တန်ခွဲရတယ်။ အဲ့ဒါကလွဲပြီး အခုချိန်ထိ ဘာကူညီထောက်ပံ့မှုမှမရရှိသေးဘူး" ဟု မိန့်သည်။

နယ်ကျေးလက်များတွင် ပျက်စီးသွားသည့် ဘာသာရေးအဆောက်အအုံအချို့အတွက် စစ်ကောင်စီက ထောက်ပံ့ပေးသည့် သွပ်ချပ်များမှာ အရည်အသွေးညံ့ပြီး အလွန်တရာပါးလွှာသည့်အတွက် အဆင်မပြေဖြစ်ခဲ့ကြရသည်ဟုလည်း ရသေ့တောင်မြို့နယ်မှ ကျောင်းထိုင်ဆရာတော်တစ်ပါးက နိရဥ္စရာကို မိန့်သည်။

“အစိုးရဆီကတော့ သွပ်အမိုး အချပ် တစ်ရာ့နှစ်ဆယ်နဲ့ သစ်တန်ခွဲပေးတယ်။ သွပ်က ပါးတယ်။ မိုးလို့အဆင်မပြေဘူး။ အသစ်ဝယ်ပြီးတော့ မွမ်းမံတယ်။ ကျောင်းကတော့ ခေါင်းမိုးနဲ့ သစ်တွေပါကွာကျပြီးတော့ အုတ်ရိုးတစ်ခုပဲ ကျန်ခဲ့တာ။ ကျောင်းခြံစည်းရိုးနံရံတွေလည်း ပြိုသွားတယ်။ ကိုယ်ဘာသာကိုယ် မွမ်းမံရတာပေါ့။ အခုပြီးပြီးလားဆိုတော့ မပြီးသေးဘူး။ ရွာကအလှူရှင်တွေဆီက ကောက်ခံပြီးမွမ်းမံနေရဆဲပဲ”ဟု နိရဥ္စရာကို မိန့်သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဘာသာရေးအဆောက်အအုံများအနက် မြို့ပေါ်ရှိ အဆောက်အအုံများပင် စစ်ကောင်စီ၏အကူအညီကို မရဘဲ ယနေ့အချိန်ထိ ရှိနေသေးသည်ဟု သိရသည်။

စစ်တွေမြို့ရှိ ရွှေနှလုံးတော်ကက်သလစ်ဘုရားကျောင်းမှ ဖာသာမိုင်ကယ်က "ရွှေနှလုံးတော်ကျောင်းက ဘုရားကျောင်းဆောင်ခေါင်မိုးလောက်ပဲ ပျက်စီးသွားတာ။ အဲ့ဒါကို အသင်းတော်က ထောက်ပံ့ငွေတွေနဲ့တော့ သွပ်မိုးပြီးပြုပြင်ထားတယ်။ ဘယ်ကမှ ကူညီထောက်ပံ့မှုမရပါဘူး။ ကူညီထောက်ပံ့မှုမရလို့ မပြင်ဘဲထားရင် ဘုရားဝတ်ပြုဖို့က မိုးရွာ၊ နေပူနဲ့ အဆင်မပြေဘူး" ဟု နိရဥ္စရာကို ပြောသည်။

ရခိုင်တွင် မုန်တိုင်းသင့်ပြည်သူများကို စစ်ကောင်စီက အပြည့်အဝ ကူညီထောက်ပံ့နိုင်ခြင်းမရှိဘဲ နိုင်ငံတကာအဖွဲ့အစည်းများ၏သွားလာကူညီထောက်ပံ့ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသည်ဟု သိရသည်။

ယင်းကြောင့် မုန်တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရာတွင် များစွာအခက်ကြုံနေကြရဆဲဟု မုန်တိုင်းသင့်ပြည်သူများက ပြောကြသည်။

ယင်းအခြေအနေတွင် ရခိုင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ဦးထိန်းလင်းက မိုခါဆိုင်ကလုန်မုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်နယ်အတွက် စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေးကာလ ပြီးဆုံးပြီသွားပြီဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က ပြည်နယ်ကောင်စီ အစိုးရအဖွဲ့ရုံးခန်းမတွင် ပြည်နယ်အဆင့် အစိုးရအရာရှိများ တက်ရောက်သည့် မုန်ခါမုန်တိုင်းကြောင်း ပျက်စီးမှု ပြန်လည်ထူထောင်ရေး စီမံကိန်းရေးဆွဲရေး အစည်းအဝေးတွင် ပြောဆိုသွားခဲ့သည်။

သို့သော်လည်း မုန်တိုင်းသင့်ပြည်သူများအနေဖြင့် လိုအပ်ချက်များစွာ ရှိနေသေးပြီး အခုအချိန်ထိ အမိုးအကာမလုံခြုံဘဲ နေရသူများ နယ်ဘက်တွင် အများကြီးရှိနေသေးကာ ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းဆောင်များမှာလည် ယခုအချိန်ထိ ပြုပြင်နိုင်ခြင်းမရှိသေးဟု သိရသည်။

 

ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း မိုခါကြောင့်ပျက်စီးသွားခဲ့သည်ကိုတွေ့ရစဉ်။

ဆက်စပ် သတင်းများ