စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တိုင်းပြည်မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး လဝကနှင့် နယ်ခြားစောင့်ရဲတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများထံမှ ငွေကြေးရယူပြီး တိုင်းပြည်တွင်းသို့ သွင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

တိုင်းပြည်မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တာဝန်ကျနေသည့် လဝကဝန်ထမ်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် ဝင်ရောက်လာသူများကို ငွေကြေးရယူကာ ဝင်ရောက်ခွင့် ပြုပေးနေသဖြင့် ဒေသမတည်ငြိမ်မှုဖြစ်မည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

 

အမည်မဖော်လိုသူ မောင်တောမြောက်ပိုင်းက ဒေသခံ တစ်ဦးက " ဝင်လာတဲ့သူတွေထဲမှာ တစ်ဖက်တိုင်းပြည်မှာ အဆင်မပြေလို့ ရိုးရိုးသားသားနဲ့ ပြန်ဝင်လာတဲ့ သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ တကယ်ရည်ရွယ်ချက်ရှိရှိနဲ့ မငြိမ်းမချမ်းဖြစ်အောင် လုပ်ဖို့အတွက် ဝင်လာသူတွေလည်းပါနိုင်တယ်။ များသောအားဖြင့်သူတို့ဝင်လာတဲ့နောက်ပိုင်းမှာ အဲဒီနားက အနီးစပ်ဆုံးသူတို့ရဲ့ လမ်းကြောင်းကျနေတဲ့နေရာတွေမှာ ရခိုင်လူမျိုးရော၊မူဆလင်တွေရော အသတ်ခံရတာတွေ၊ ပြန်ပေးဆွဲခံရတာတွေ ၊ ဓားပြတိုက်တာတွေ၊ဖမ်းဆီးတာတွေ အဲဒီလို အမှုတွေအများကြီးဖြစ်လာတာတွေ့ရပါတယ်" ဟုသူကပြောသည်။

 

လက်ရှိကာလတွင် ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်လာသည့် မွတ်ဆလင်တစ်ဦးကို ကျပ် ၆ သိန်းမှ ၈ သိန်းအထိ ရယူကာ ဝင်ရောက် ခွင့်ပေးနေသည်ဟုလည်း သတင်းထွက်ပေါ်နေကြောင်း သူကဆက်ပြောသည်။

 

" အခုဆိုရင် တစ်ယောက်ကို ၆ သိန်းကနေ ၈ သိန်းဝန်းကျင်လောက်နဲ့ ငွေယူပြီးတော့ သွင်းနေတယ်လို့သိရတယ်" ဟု ပြောသည်။

 

ရေကြောင်းလမ်းနှင့် နယ်စပ်ကုန်းလမ်းများကို အဓိက အသုံးပြုပြီး ရခိုင်ပြည်နယ်အတွင်းသို့ နေ့စဉ်နေ့တိုင်း တရားမဝင် သွင်းပေးလျက်ရှိနေသည်ဟု ဆိုသည်။

 

ထိုသို့လာဘ်ငွေပေး၍ ဝင်ရောက်လာသူများသည် သရက်အုပ်ချောင်းဝ စခန်း၊ မင်္ဂလာကြီး ချောင်းဝစခန်း၊မောင်နီရဲကင်းစခန်း၊ မကျည်းချောင်းကင်းစခန်း၊ ငါးခူရစခန်း၊ ရေတွင်းပြင်ကင်းစခန်း အပါအဝင် မောင်တော နယ်ခြားစောင့်စခန်းများမှ ဝင်ရောက်လာနေကြခြင်း ဖြစ်ကြောင်း သိရသည်။


တစ်ခြား အမည်မဖော်လိုသူက " မောင်တောနယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့ ချောင်းပေါက်တွေ အားလုံးမှာ နယ်ခြားစောင့် စခန်းတွေ ရှိပါတယ်။ အဲဒီနယ်ခြားစောင့်စခန်းတွေကိုကျော်ပြီး ဝင်ဖို့ ဆိုတာကလည်း သူတို့ရဲ့ လာဘ်ပေးလာဘ်ယူစနစ်တွေကြောင့်ပဲ ဝင်လို့ရတာပါ။ တဖက်နိုင်ငံက ဝင်လာတဲ့သူတွေက သူတို့ မျက်စိအောက်ကပဲ ဝင်လာကြတာပါ။နယ်စပ်မှာက နယ်ခြားစောင့် လဝကစခန်းလည်း ရှိပါတယ်။ သူတို့ကိုလည်း ငွေပေးပြီး ဝင်ကြတယ်လို့သိရတယ်။ ပွဲစားတွေက တဆင့်ပေးတာမျိုးလည်း ရှိပါတယ်" ဟုသူကပြောသည်။

 

ဝင်ရောက်လာသည့် မွတ်ဆလင်များအား ဘူးသီးတောင်မြို့နယ် ဘဒနာ၊ မောင်နီကိုလ်၊ စိမ်းညှင်းပြား၊ ဦးလှဖေ၊ သိမ်တောင် အပါအဝင် ကျေးရွာအများ အပြား နှင့်မောင်တောမြို့နယ် မြောတောင်၊ သရက်အုပ်၊ ပွင့်ဖြူချောင်း၊ငန်းချောင်းဂုနား၊ဟာဘီ၊ ဇူလ အပါအဝင် ကျေးရွာအများအပြားတွင် တရားမဝင် နေရာချပေးလျက်ရှိသည်ဟု ဆိုသည်။

 

" ကုန်ခဲ့တဲ့လကတောင် မူဆလင်နှစ်ယောက်သုံးယောက်ဖမ်းပြီးတော့အသတ်ခံရတာရှိပါတယ်။ နယ်ခြားစောင့် ရဲတွေ လဝကတွေကပိုက်ဆံယူတယ်။ သွင်းလိုက်တယ်။ ဝင်လာတဲ့သူတွေက နီးစပ်ရာရွာတွေမှနေကြတယ်။ အဲဒီအထဲပါလာတာမှာ အာဆာလက်နက်ကိုင်တွေနဲ့ ဆက်စပ်သူတွေပါတယ်လို့သိရပါတယ်။ မောင်တောဘက်မှာ ဆိုရင် သရက်အုပ်လမ်းကြောင်းက ဝင်လာတဲ့ မြောတောင်ရိယာ တစ်ဝိုက်မှာဆိုရင် အာဆာတွေကအဓိကအ​ခြေပြုလှုပ်ရှားနေတာပါ။ မြောတောင်၊ပွင့်ဖြူချောင်း၊ငန်းချောင်း၊ကြက်ရိုးပြင်ရွာဘက်တွေမှာ ARSA တွေအဓိက လှုပ်ရှားနေတာပါ။ အဲဒီလမ်းကြောင်း တစ်လျှောက်မှာလည်း စစ်ကောင်စီ နယ်ခြားစောင့်စခန်းတွေ ရှိပါတယ်။ စစ်ကောင်စီဘက်ကလည်း မသိတာမဟုတ်ဘူး။ သိတယ်။ အခုက လက်သတ် မွေးစားထားတဲ့ သဘောမျိုးလှုပ်ရှားနေကြပါတယ်။" ဟုသူကပြောသည်။

 

ယင်းအဖွဲ့များသည် ဒေသခံပြည်သူများထံမှ ဓားမြတိုက်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်း၊ လူသတ် မုဒိမ်းကျင့်ခြင်း စသည်ဖြင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် အမျိုးမျိုး လုပ်ဆောင်နေကြောင်း ၎င်းတို့က ပြောကြားသည်။

 

မောင်တောမြို့ပေါ်က အမျိုးသားတစ်ဦးက “ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေကို တရားဝင် နှစ်ဖက် အစိုးရ သဘောတူညီမှုနဲ့ စိစစ်လက်ခံသင့်ပါတယ်။ အခုလို ပိုက်ဆံယူပြီး တရားမဝင် သွင်းနေတာကတော့ အန္တရာယ်ကြီးပြီး ဒေသ မတည်ငြိမ်မှုကိုလည်း ဖြစ်စေပါတယ်။ နောင်ခါ ဖြေရှင်းလို့ မရတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။ ယခင်က ဖြစ်ပျက်ခဲ့တဲ့ သင်ခန်းစာကို ယူသင့်ပါတယ်” ဟု ပြောကြားသည်။

 

၎င်းပြင် စစ်ကောင်စီ၏ လဝကဝန်ထမ်းများသည်  ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသည့် မွတ်ဆလင် တစ်ဦးလျှင် ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ လာဘ်ငွေ ယူပြီး  မှတ်ပုံတင်များ(နိုင်ငံသား စိစစ်ရေး ကဒ်များ) ထုတ်ပေးနေကြောင်းဖြင့်လည်း လ၀ကအဖွဲ့နှင့် နီးစပ်သူ ဒေသခံတစ်ဦးက  ပြောကြားသည်။


အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပါ။


ဓာတ်ပုံ- ယခင်ပုံဟောင်း


ဆက်စပ် သတင်းများ