တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

အသတ်ခံလိုက်ရသည့် ကျွန်းပေါ်ပေါက်တောက ဆရာမအမှုတွင် ထွက်ပြေးသွားသည့် အဓိကသံသယရှိသူကို ULA/AA က ပြန်ဖမ်းမိ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အသတ်ခံလိုက်ရသည့် အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အမှုတွင် ထွက်ပြေးလွတ်မြောက်‌‌နေသည့် အဓိက သံသယရှိသူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ပြန်ဖမ်းမိပြီဟု သတင်းရရှိသည်။

ထွက်ပြေးနေသည့် အသက် ၄ဝ ကျော်အရွယ် ဦးမောင်မောင်အေးကို ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် သူ၏ အစ်မနေထိုင်ရာကျွန်းပေါ်ပေါက်တောမှ နေအိမ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"သူ့အစ်မနေတဲ့ မယူတောင်က အိမ်မှာပုန်းနေတယ်ကြားလို့ ULA /AA ကဖမ်းဆီးနိုင်ခဲ့တယ်" ဟုပြောသည်။

ဦးမောင်မောင်အေးသည် စက်တင်ဘာလ ၁၉ ရက်၊ ည ၉ နာရီခွဲခန့်တွင် ULA/AA လက်ထဲမှ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သူသည် ဆရာမဒေါ်နှင်းယုနွယ်အသတ်ခံရမှုတွင် ULA/AA က သံသယဖြင့် စစ်ဆေးနေရသည့် အဓိက သံသယရှိသူ ၂ ဦးအနက် တစ်ဦးဖြစ်သည်။

ဆရာမအမှုနှင့်ပတ်သက်ပြီး နောက်ထပ် ဆက်စပ်သံသယရှိသူ ၁ ဦးနှင့် ဆရာမအလောင်းအား မျက်မြင်တွေ့ရှိသူ ၆ ဦးတို့ကိုလည်း ULA/AA က စစ်ဆေးနေသည်ဟု စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဆရာမဒေါ်နှင်းယုနွယ်၏မိသားစုဝင်တစ်ဦးက “လူသတ်တရားခံနဲ့တကွ အပေါင်းအပါတွေ အကုန်လုံးကို၊ တကယ့်တရားခံအစစ်တွေကို အမြန်ဆုံးအနေနဲ့ ဖမ်းဆီးအ‌ရေးယူပေးဖို့။ ဖမ်းဆီးအရေးယူပေးတဲ့နေရာမှာလည်း မိသားစုဝင်တွေရောသိရမယ်။ နောက်ပြီးတော့  ပြည်သူတစ်ရပ်လုံးလည်းသိအောင် တိတိကျကျထွက်ပြေးနေတဲ့တရားခံကိုရော၊ နောက်ပြီးတော့ ဒီတကယ့်တကယ့် အမှုနဲ့ပတ်သက်တဲ့တရားခံကိုရော အမြန်ဆုံးအနေနဲ့ဖမ်းဆီးပြီးတော့ ပြည်သူတစ်ရပ်လုံးသိအောင် မိသားစုဝင်တွေရောသိအောင် အရေးယူပေးပါ၊ ဆောင်ရွက်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ”ဟု ပြောသည်။

ယင်းအပြင် သေဆုံးသွားသူ အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်၏ ရွာ ပေါက်တောကျွန်းပေါ်ရွာတွင် ULA/AA တပ်သား ရဲမေ အယောက် ၂၀၀ ခန့်ဖြင့် လုံခြုံရေးချထားကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်သည် သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရသည်။

လည်ပင်းကို လှီးဖြတ်ခံထားရသည့်ဒဏ်ရာဖြင့်သေဆုံးနေသည့်ဆရာမ၏အလောင်းကို ယင်းနေ့၊ နံနက် ၁၁ နာရီခန့်တွင် ပန်းဖော်ပြင်ကျေးရွာနှင့် ကျွန်းပေါ်ပေါက်တောလမ်းမကြီးပေါ်၌ ဒေသခံများက တွေ့ရှိခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

ဆရာမအသတ်ခံရမှုတွင် အဓိက သံသယရှိသူ ဦးမောင်မောင်အေးထွက်ပြေးလွတ်မြောက်သွားသည့်အတွက်လည်း ရခိုင်ရှိ ပညာရေးအသိုင်းအဝိုင်းတစ်ခုလုံးနှင့် ဒေသခံလူထုများက အားမလို အားမရဖြစ်နေကြပြီး ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးကာ ကြီးလေးသောပြစ်ဒဏ်ကို ပေးရန်လည်း တောင်းဆိုလျက်ရှိသည်။ 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!