တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ကားတိုက်ခံရ၍ လူငယ် ၁ ဦးသေဆုံး


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်တွင် ကားနှင့်ဆိုင်ကယ် အမောင်းလိုင်စင်များမရှိဘဲ မောင်းနှင်သူများကို အရေးယူဆောင်ရွက်ရန် လိုအပ်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောက်မြတ်လှဲကျေးရွာထိပ်တွင် ကားတိုက်ခံရ၍ လူငယ် ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ အောက်မြတ်လှဲကျေးရွာမှ ဦးထွန်းနှင့် ဒေါ်ဦးနုအေးတို့၏သား ကိုမျိုးကျော်လင်း (၂ဝ)နှစ်ဖြစ်သည်။

သူသည် စက်တင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီ ၃၀ ခန့်တွင် ဆိုင်ကယ်နှင့် အိမ်သို့ပြန်လာစဉ် ရွာထိပ်၌ ဟိုက်ဂျက်အဖြူရောင်ကားတစ်စီးက အနောက်မှ ဝင်တိုက်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

"သူက ရွာထိပ်က ဆေးဆိုင်မှာ လုပ်တာပါ။ ဆိုင်ကအပြန် တိုက်တာပါ။ ဆေးရုံးတောင် မရောက်လိုက်ဘူး။ လမ်းမှာ ဆုံးပါတယ်"ဟု ပြောသည်။

ကိုမျိုးကျော်လင်းတွင် ဦးခေါင်းဒဏ်ရာ ပြင်းထန်ပြီး ခြေထောက်ကြေမွသွားသည့်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း သိရသည်။

သူ့ကို ဝင်တိုက်ခဲ့သည့်ကားမှာ ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာအနီးရှိ ကျောက်တလုံး ကျေးရွာမှဖြစ်ပြီး ကျောက်တော်နှင့် စစ်တွေသို့ ခရီးသည်တင်ပြေးဆွဲနေသည့်ကား ဖြစ်သည်။

စစ်တွေမှ ကျောက်တော်သို့ ယမန်နေ့ ညနေပိုင်းတွင် ပြန်လာစဉ် ယခုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါကားပေါ်တွင် ခရီးသည်အချို့ လိုက်ပါလာခဲ့သော်လည်း ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရရှိခဲ့ဟု သိရသည်။


လက်ရှိတွင် ယာဉ်မဆင်မခြင်မောင်းနှင်သည့်ယာဉ်မောင်းဖြစ်သူအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ဒေသအာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။


ပုဏ္ဏားကျွန်းမြို့ ဒေသခံတစ်ဦးက “ အခုက လူတွေက ကား၊ ဆိုင်ကယ်ဆိုရင် နည်းနည်းသိတာနဲ့ တက်မောင်း နေကြတယ်။ တချို့ဆိုကားမောင်းလိုင်စင်လည်း မရှိဘူး။ လိုက်နာရမယ့် စည်းကမ်းတွေလည်း နားမလည်ဘူး။ ဒီအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကနေ ကားမောင်းလိုင်စင်၊ ဆိုင်ကယ်မောင်းလိုင်စင်တွေကို စီစဉ် ကြပ်မတ်ပြီး ထုတ်ပေးသင့်ပါတယ်”ဟု ပြောဆိုသည်။

 

ရခိုင်တွင် ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှုမကြာခဏ ဖြစ်ပွားနေပြီး သေဆုံး၊ဒဏ်ရာရရှိမှုများ မကြာခဏ ရှိနေသော်လည်း အများစု ကားသမားများမှာ ယာဉ်စည်းကမ်း၊ ကားစည်းကမ်းကို လိုက်နာမှု အားနည်းနေကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ