တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရခိုင်တွင် သမားရိုးကျမဟုတ်သည့်နည်းလမ်းများကိုအသုံးပြု ပြီး ငါးဖမ်းခြင်းအပါအဝင် စည်းကမ်းမဲ့ငါးဖမ်းခြင်းများကြောင့် ရေသယံဇာတ ငါး၊ ပုဇွန်များရှားပါးလာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

ရခိုင်ပြည်နယ်တွင် သမားရိုးကျမဟုတ်သည့်နည်းလမ်းများဖြင့် ငါးဖမ်းမှုများရှိလာသည့် အပြင် စည်းကမ်းမဲ့ ငါးဖမ်းခြင်းများကြောင့်  ငါး၊ ပုဇွန် အပါအဝင် ရေသယံဇာတများ တစ်နေ့တစ်ခြား ရှားပါးလာနေသည်ဟု သတင်းရရှိသည်။

ရခိုင်တွင် ကမ်းဝေးငါးဖမ်းသင်္ဘောများက ကမ်းနီးသို့ ဝင်ရောက်ပြီး ခေတ်မီ ငါးဖမ်းစက် ကရိယာများဖြင့် ဖမ်းဆီးခြင်း၊ ငါးမဖမ်းရဟု သတ်မှတ်ထားသည့် အချိန်ကာလများတွင်လည်း ဝင်ရောက် ငါးခိုးဖမ်းခြင်း၊ လျှပ်စစ်ဖြင့် ရှော့ခ်တိုက်၍ဖမ်းခြင်း၊ ဓာတုအဆိပ်များချကာ ဆေးဖြင့် ဖမ်းခြင်း၊ သတ်မှတ်ထားသည့် ပိုက်ကွန်များဖြင့်မဟုတ်ဘဲ ငါးမျိုးစိတ်များ ပြုန်းတီးစေသည့် ပိုက်ကွန်ကြီးများဖြင့် စည်းမဲ့ကမ်းမဲ့ဖမ်းခြင်းများပါဝင်သည်ဟု သိရသည်။

သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “အရင်တုန်းက ရေမိုင် ၅ မိုင်လောက်သွားရင် ငါးတွေ့တယ်ဆိုလို့ရှိရင် အခု ၇ မိုင် ၈ မိုင်လောက်သွားရတယ်။ ငါးကတော့ ရတာနည်းတယ်။ ဒါပေမယ့် ငါးစျေးရရင်တော့ ကောင်းပါတယ်။ ငါးသယံဇာတ ရှားပါးလာတာက နည်းပညာဖွံ့ဖြိုးလာတဲ့အခါ ငါးဖမ်းတဲ့ပစ္စည်းတွေ၊ သမားရိုးကျမဟုတ်တဲ့နည်းတွေနဲ့ ငါးဖမ်း လာကြတာကြောင့် ငါးရှားလာတယ်” ဟု နိရဉ္စရာကို ပြောသည်။

ယင်းအပြင် ရခိုင်ဒေသအတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် တရုတ်စီမံကိန်းများ ရှိခြင်းကြောင့်လည်း ပင်လယ်ပြင်အတွင်း ငါးရှားပါးမှုသိသာလာကာ မိသားစုစားဝတ်နေရေး အတွက်ပင် မဖူလုံတော့ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“စီမံကိန်းကထွက်တဲ့ အမှိုက်တွေ စွန့်ပစ်ပစ္စည်းတွေကြောင့် ငါးတွေရှာရခက်လာတယ်။ မိသားစု စားဝတ်နေရေး တင်မက သားသမီးပညာရေးအတွက်တောင် မဖူလုံတော့ဘူး”ဟုပြောသည်။

ရခိုင့်ပင်လယ်ပြင်အတွင်း ကမ်းဝေးငါးဖမ်းသင်္ဘောကြီးများက ကမ်းနီးသို့ ညဥ့်အချိန်မတော် ဝင်ရောက် ငါးခိုးဖမ်း လာနေသည့်အတွက်လည်း ယခုကဲ့သို့ ငါးသယံဇာတများ ရှားပါးလာနေခြင်းဖြစ်သည်ဟု ငါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ယင်းသို့ ကမ်းဝေးငါးဖမ်းသင်္ဘောကြီးများ၏ တရားမဝင် ခိုးယူငါးဖမ်းမှုများကို ငါးလုပ်ငန်း ဦးစီးဌာနကလည်း အရေးယူဆောင်ရွက်မှုအားနည်းခြင်းကြောင့် ထိုသင်္ဘောကြီးများမှာ အတင့်ရဲနေကြခြင်းဖြစ်သည်ဟုလည်း လေ့လာသူများက ထောက်ပြပြောဆိုသည်။



အမ်းမြို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူ ကိုမျိုးလွင်က "ပင်လယ်မှာ ရခိုင်က ငါးလုပ်ငန်းရှင်တွေ မဟုတ်ဘဲ ဗမာပြည်ဘက်ကငါးလုပ်ငန်းရှင်တွေ ဆွဲပိုက်တွေနဲ့၊ သင်္ဘောကြီးတွေနဲ့ ဆွဲနေတာက ရေ‌ပေါ်‌ရေအောက် သယံဇာတကိုပျက်စီးပြီး သူတို့ သင်္ဘောတွေကယိုစိမ့်တဲ့ ရေနံတွေကြောင့်လည်း သဘာဝသယံဇာတပျက်စီးပြီး သားငါးပုဇွန်တွေရှားလာတယ်။ အဲ့ဒါတွေကို ထိန်းသိမ်းဖို့လိုအပ်တယ်"ဟု နိရဥ္စရာကိုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရသေးပါ။

ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကမူ သားငါးပုစွန်များကို သတ်မှတ်ထားသည်ထက် ကျော်လွန်၍ ရှာဖွေဖမ်းဆီးလျှင် အစိုးရက အရေးယူသည့် ဥပဒေများရှိပြီး ပင်လယ် ငါးလုပ်ငန်းဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပဒေနှင့် ဒေသဆိုင်ရာ ရေချိုငါးလုပ်ငန်းဥပဒေများဖြင့် အရေးယူကြောင်း ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က နိရဥ္စရာကို ပြောဆိုခဲ့ဖူးသည်။

“ငါးအလွန်အကျွံဖမ်းတဲ့ဟာတွေ၊ ပိုက်ကွန်တွေကို သတ်မှတ်တဲ့အတိုင်းအတာမကျော်ဖို့၊ စိစစ်တာကတော့ ငါးလုပ်ငန်းဦးစီးဌာနက လုပ်ပါတယ်။ ကုမ္ပဏီတွေကို ငါးဖမ်းခွင့်ပေးတာက ငါတို့ရခိုင်က ပေးတာမဟုတ်ဘူး။ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနက ပေးတာ။ သတ်မှတ်တဲ့ရာသီမှာ ဖမ်းရမယ်လို့ သတိပေးပြီးသားဖြစ်ပါလျက်၊ မိုးရာသီမှာ ငါးမဖမ်းရဘူးလို့ သတ်မှတ်ထားပါလျက်နဲ့ ဖမ်းတယ်ဆိုရင် အဲဒါကိုသိရင် ငါးလုပ်ငန်းဦးစီးဌာနက ငါးတစ်ရာသီဖမ်းခွင့်ပိတ်တာတို့ လုပ်တယ်။ တရားရုံးမှာ တရားစွဲတာတို့လုပ်တယ်”ဟု ၎င်းက ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ငါးသယံဇာတများရှားပါးလာမှုကြောင့် ရေလုပ်သားများမှာ ရေလုပ်ငန်းကို စွန့်ခွာကာ ပြည်ပသို့အလုပ်လုပ်ကိုင်ရန်ထွက်ခွာမှုများလည်း ပိုမိုရှိလာသည်ဟု ပေါက်တောမြို့နယ်၊ ပြင်ဖြူချိန်ရွာမှ ငါးဖမ်းလုပ်ငန်းလုပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“အရင်နှစ်ကထက်စာရင် ငါးတွေ ရှားလာတယ်။ ခုဆိုရင် အလုပ်သမားခလည်းစျေးကြီးတော့ ငါးလုပ်ငန်းတောင် မလုပ်ဘဲ ပြည်ပထွက်ခွာသူတွေများလာတယ်”ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၈ ခုနှစ်များတွင် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ခန့်နှင့် နှိုင်းယှဉ်ပါက ရေပေါ်ငါးသယံဇာတ ၉၀ ရာခိုင်နှုန်း၊ ရေအောက်သယံဇာတ ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း ငါးလုပ်ငန်းဦးစီးဌာ၏စာရင်းအရ သိရသည်။

ငါးသယံဇာတရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၁၈ နှစ်အတွင်းက ဂွမြို့နယ်၊ ကျိန္တလီကမ်းရိုးတန်း ဒေသတစ်လျှောက်နှင့် ပင်လယ်ပြင်ရေမိုင် စုစုပေါင်းဧရိယာ ဧက ၁၇၀၀၀၀ ကျော်အား ကမ်းနီး ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ