တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် KIA လိုင်ဇာဌာနချုပ်အတွင်းရှိ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲ၍ အရာရှိတစ်ဦးကျဆုံးပြီး ဒဏ်ရာရသူတချို့ရှိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကချင်ပြည်၊ လိုင်ဇာရှိ ရက္ခိုင့်တပ်တော် စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲ၍ ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တချို့လည်း ရှိကြောင်း သတင်းရရှိသည်။

ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက “ မနေ့က မနက်ပိုင်းမှာ မြန်မာစစ်တပ်က ခါယာတောင်ကနေ  ၁၂၀ မမ ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တပ်တော်ရဲ့ မုန်လိုက်ခတ်စခန်းအတွင်းမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး တပ်တော်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး လက် နက်ကြီးကျည်ထိမှန်သွားခဲ့ပြီး ကျဆုံးခဲ့ရပါတယ်။  အလတ်စား၊ အပြင်းစားဒဏ်ရာရရှိသူ တချို့လည်း ရှိပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယမန်နေ့ စက်တင်ဘာလ(၂၈) ရက်၊ နံနက် (၁၀) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခါယာတောင်မှ ၁၂၀ မမ ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လိုင်ဇာရှိ၊ ရက္ခိုင့်တပ်တော် မုန်လိုက်ခတ်စခန်းအတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲကာ ရက္ခိုင့်တပ်တော်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးလက်နက်ကြီးကျည် ထိမှန်သွားခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူတချို့ရှိခဲ့ကြောင်း၊ အဆိုပါပြင်းထန်ဒဏ်ရာရရှိသွားသည့် ရက္ခိုင့် တပ်တော်အရာရှိအား အစွမ်းကုန် ကြိုးစားလျက်ဆေးဝါးများ အရေးပေါ်ကုသပေးနေစဉ်အတွင်း ယမန်နေ့ ည နေ ၄ နာရီခန့်တွင် ၎င်းလက်နက်ကြီးဒဏ်ရာဖြင့်ပင် အသက်ဆုံးပါးသွားခဲ့ကြောင်း သိရသည်။ 


ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကချင်ဒေသမှ တပ်တော် တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြုပြောကြားသည်။

ကချင်ပြည်၊ လိုင်ဇာဌာနချုပ်အနီးနှင့် ကချင်ဒေသအတွင်း မြန်မာစစ်ကောင်စီတပ်နှင့် ကချင်လွတ် မြောက်ရေးတပ်မတော် ( KIA) အပါအဝင် K-PDF များအကြားတိုက်ပွဲများ ခပ်စိပ်စိပ် ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်မှာ ကာလအတန် ကြာခဲ့ပြီဖြစ်သည်။

ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၈) ရက်၊ နံနက်(၁၀) နာရီခန့်၌ လိုင်ဇာပတ်ဝန်းကျင်အနီး နှစ်ဖက်အပြန်အလှန် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးကျည် တပ်တော်စခန်းထဲကို ကျ၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ မြန်မာစစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၌ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတခုကို ဂျက်တိုက် လီယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခဲ့ရာ AA တပ် ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာ ရသွားခဲ့ရသေးသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ KIA ဌာနချုပ်ရှိ  ဗိုလ်လောင်း သင်တန်းကျောင်းတစ်ခုကို ကျရောက် ပေါက်ကွဲ၍ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရပြီး ထိုအထဲတွင် ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်လောင်း ၈ ဦး ပါဝင်သည်။

ဓာတ်ပုံ- တပ်တော်တပ်ဖွဲ့ဝင်တစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာနှင့် ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအပိုင်းအစများကိုတွေ့ရစဉ် (ပေးပို့)

ဆက်စပ် သတင်းများ