Preview

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်၇၍ ထောင်ထဲကလွတ်လာသည့် မွတ်ဆလင် ၄၀၀ ကျော်အား မောင်တောနှင့် ဘူးသီးတောင်တွင် နေရာချပေးနေ

စက်တင်ဘာ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :6143
ရခိုင် သတင်း

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် မြန်မာနိုင်ငံရှိ ထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက်လာသည့် မွတ်ဆလင် ၄၀၀ ကျော်အား ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် ပြန်လည်နေရာချပေးနေသည်ဟုသိ၇သည်။

ထောင်ထဲကလွတ်လာသူမောင်တောမြို့နယ်မှ ၃၆၁ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၇၉ ဦး ( စုစုပေါင်း၄၄၀ ဦး) အား  စစ်ကောင်စီက ပြီးခဲ့သည့်စက်တင်ဘာ ၂၅ ရက်တွင် စစ်တွေမှတဆင့် ဘူးသီးတောင်သို့ အောင်တံခွန်နှင့် ရွှေပြည်တန်ရေယာဉ်တို့ဖြင့်ပို့ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများကအိမ်တိုင်ရာရောက် နေရာချပေးနေသည်ဟု လ၀ကရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင်မောင်တောမြို့နယ်မှ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၉၇ ဦး စုစုပေါင်း၃၆၁ ဦးအား နေရာ ချပေးနေကြောင်း ၎င်းကပြောသည်။

"သူတို့က ဘင်္ဂလာဘက်ကို ထွက်ပြေးသွားတဲ့ မောင်တောနယ်ကမွတ်ဆလင်တွေလို့ သိရပါတယ်။ သူတို့ကို သူတို့မိသားစု၊ ဆွေမျိုးအိမ်တွေကိုပို့ပေးတာပါ။ မောင်တောမြောက်ပိုင်း ရွှေဇားဘက်ကို နှစ်စီး၊အောက်ရွာ/ဖယ်စီရွာဘက်ကို တစ်စီး၊ ကညင်တန်းဘက်ကို နှစ်စီးထွက်သွားတာတွေ့ပါတယ်။ စုစုပေါင်းကား ၇ စီးနဲ့ ပို့ဆောင်ခဲ့တာပါ"ဟုပြောသည်။

ဘူးသီးတောင်မြို့နယ်မှ အမျိုးသား ၇၀ ဦး၊အမျိုးသမီး ၉ ဦး စုစုပေါင်း ၇၉ဦးကိုလည်း သူတို့ ယခင်နေထိုင်ခဲ့ရာ ဘူးသီးတောင်မြို့နယ်တွင် နေရာချပေးသွားမည်ဟု သိ၇သည်။

အမည်မဖော်လိုသူ လ၀က ဝန်ထမ်းတစ်ဦးကလည်းထိုသို့ နေရာချပေးနေသည်ကို အတည်ပြု ပြောဆိုသည်။

“သူတို့တွေကိုရောက်တာနဲ့  မောင်တောနဲ့ ဘူးသီးတောင်မြို့က သက်ဆိုင်ရာမြို့နယ်လ၀ကရုံးတွေမှာ  စစ်ဆေးခဲ့ပြီးနောက်နေရပ်အသီးသီးသို့ တေဘာကားတွေနဲ့ အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင် နေရာချပေးနေပါတယ်။ ခုလိုနေရာချပေးတဲ့ နေရာမှာ စစ်တပ်ရော၊ ရဲရော၊ လ၀ကနဲ့ ထွေအုပ်တွေလည်း ပါပါတယ်”  ဟု ပြောသည်။

ယခုလွတ်မြောက်လာသူ မွတ်ဆလင် ၄၄၀ဦးသည် တရားမဝင် မလေးရှားကို သွားရာမှ မြန်မာနိုင်ငံ အနှံ့ဖမ်းဆီးခံရသူများဖြစ်ကြသည်ဟုသိ၇သည်။

၎င်းပြင်  ပြီးခဲ့သည့် ဩဂုတ်လ၁ ရက်က စစ်ကောင်စီ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၁၁ ဦးသည်လည်း  အကျဉ်းထောင်အသီးသီးမှပြန် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား၁၀၈ ဦး၊ အမျိုးသမီး ၃ ဦး ၊ ပေါင်း ၁၁၁ ဦးအား နှစ်နိုင်ငံ လွှဲပြောင်းလက်ခံရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့မလွှဲပြောင်းမီကာလအတွင်းဘူးသီးတောင် အကျဉ်းထောင်၌ ခေတ္တယာယီထိန်းသိမ်းထားကြောင်းစစ်ကောင်စီက သြဂုတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ရက်၊ ဝါဆိုလပြည့်နေ့တွင်  စစ်ကောင်စီသည်မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့်အကျဉ်းသား၊ အကျဉ်းသူ ရ၇၄၉ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုး၇လက်ထက် ၂၀၂၀ပြည့်နှစ်၊ ဧပြီလကလည်းနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးရှိအကျဉ်းချခံနေရသည့်မွတ်ဆလင်ဦးရေ ၈၀၀ အား လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးသူတို့အနက် ၆၀၀ ဦးကို ၇ခိုင်ပြည်သို့ ပို့ဆောင်ပေးခဲ့ပြီး ကျန် ၂၀၀ဦးကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးသည်။

ဓာတ်ပုံ- ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက လွတ်ငြိမ်းခွင့်ရ မွတ်ဆလင်များအား ၇ခိုင်ပြည်နယ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့စဉ်။

#စစ်ကောင်စီ#ဘူးသီးတောင်#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.