စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ထောင်ဒဏ်နှစ် ၄၀ ကျော် ချမှတ်ထားသည့် ရခိုင်အမျိုးသမီးတစ်ဦးနှင့်မောင်ဖြစ်သူတို့ကို နောက်ထပ် ထောင်ဒဏ် ၁၇ နှစ် စီထပ်ချပြီး သူမ၏ အမျိုးသားဖြစ်သူကို ၁၅ နှစ်ထပ်ချ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်၍ အကြမ်းဖက်မှုပုဒ်မအပါအဝင် ပုဒ်မ(၅)ခုဖြင့် ထောင်ဒဏ် ၄၄  နှစ် ချမှတ်ခံထားရသည့် ရခိုင်အမျိုးသမီးတစ်ဦးနှင့် သူမ၏ မောင်ဖြစ်သူအား ယနေ့ မြောက်ဦးမြို့နယ် တရားရုံးက ထောင် ၁၇ စီထပ်ချပြီး သူမ၏အမျိုးသားဖြစ်သူကို ထောင် ၁၅ နှစ်ထပ်ချလိုက်သည်ဟု သတင်းရရှိသည်။

သူတို့သုံးဦးကို  မူးယစ်ဆေးဝါးပုဒ်မ ၁၉(က) ၊ ၂၁ တို့ဖြင့် မြောက်ဦးမြို့နယ်တရားရုံးက  ယနေ့တွင် ထောင်ဒဏ် အသီးသီး အမိန့်ချမှတ်ခံလိုက်ခြင်းဖြစ်သည်။

"ဒီနေ့ မနက်က အမိန့်ချမှတ်လိုက်ပါပြီ။ ခိုင်ခိုင်စံနဲ့သူ့မောင်လေးကို ၁၇ နှစ်စီအမိန့်ချပါတယ်။ သူ့အမျိုသားကိုတော့ ၁၅ နှစ်ချမှတ်လိုက်ပါတယ်။ ခိုင်ခိုင်စံက ကျန်းမာရေးအခြေအနေ မကောင်းပါဘူး" ဟု မခိုင်ခိုင်စံ၏မိခင်ဖြစ်သူ ဒေါ်မအေးကြိုင်ကပြောသည်။

ယင်းသို့ထောင်ဒဏ်ထပ်မံချမှတ်ခံရသူများမှာ မခိုင်ခိုင်စံ(၃၇)နှစ်နှင့် သူမ၏ မောင်ဖြစ်သူ ကိုနိုင်နိုင်ထွန်း(၃၀)နှစ်တို့ကို ၁၇ နှစ်စီနှင့်  သူမ၏အမျိုးသားဖြစ်သူ ကိုမောင်ဘု ၁၅ နှစ် ချမှတ်လိုက်သည်ဟု ဆိုသည်။

၄င်းတို့သည် အင်းစိန်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရစဥ် မင်းပြားမြို့၊ ရာမောင်ဂိတ်တွင် လေးဝတီကားပေါ်မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဆက်စပ်မှုရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးပုဒ်မ ၁၉(က)၊ ၂၁ တို့ဖြင့် ထပ်မံတရားစွဲခံရခြင်းဖြစ်ကြောင်း မခိုင်ခိုင်စံ၏ မိခင်ဖြစ်သူက ဒေါ်မအေးကြိုင်က နိရဥ္စရာသို့ပြောသည်။

ယင်းသို့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှ မြောက်ဦးအချုပ်ခန်းသို့ ယခုနှစ် ဧပြီလတွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မခိုင်ခိုင်စံသည် ၄င်း၏အမျိုးသား၊ မောင်ဖြစ်သူတို့နှင့်အတူ ပြီးခဲ့သည့်၂၀၁၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

ယင်းနောက် မခိုင်ခိုင်စံအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)နှင့် အလုံမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် ၊ မူးယစ်ဆေးဝါးမှု ၁၉(က)အတွက် အင်းစိန်မြို့နယ်တရားရုံးက ထောင်ဒဏ်၂၀ နှစ်  ၊ ငွေကြေးခဝါချမှု ဥပဒေပုဒ်မ ၄၃ အတွက် တောင်ဒဂုံမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်နှင့် မူးယစ်ဆေးဝါးမှု ၁၉(က)ဖြင့် သာကေတမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၁ နှစ်အသီးသီးချမှတ်ခံခဲ့ရကြောင်း သိရသည်။

မခိုင်ခိုင်စံနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့်အမျိုးသားဖြစ်သူမှာလည်း အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(ည)အတွက် အလုံမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်၊ မူးယစ်ဆေးဝါးပုဒ်မ ၁၉(က)အတွက် အင်းစိန်မြို့နယ်တရားရုံးမှ ထောင် ၂၀ နှစ်၊ စုစုပေါင်း နှစ် ၃၀ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အလားတူ မခိုင်ခိုင်စံ၏မောင်ဖြစ်သူ ကိုနိုင်နိုင်ထွန်းသည်လည်း မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က)ဖြင့် အင်းစိန်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

မခိုင်ခိုင်စံအား အမ်းမြို့နယ်မှ မူးယစ်ဆေးဝါးမှုအတွက်လည်း တရားစွဲဆိုရန် ရှိနေသည်ဟု ကြားသိရကြောင်း ၄င်းကဆက်ပြောသည်။

မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က)သည် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန် အလို့ငှာ လက်ဝယ် ထားခြင်း၊ သယ်ဆောင်ခြင်း၊တဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့အကျုံးဝင်ပြီး ကျူးလွန်သူကို ထောင်ဒဏ်အနည်းဆုံး ( ၁၀) နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိထောင်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!